" သင်္ကြန်အကြောင်း သိကောင်းစရာ "
" သင်္ကြန်အကြောင်း သိကောင်းစရာ "
သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင်အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေအားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း" ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ "သင်္ကန္တ"၊ သက္ကတဘာသာ "သင်္ကြန္တ" တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်" ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါ၏။
သက္ကတဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင်အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင် လူမျိုးတို့ရဲ့ ရေသဘင်ပွဲ
ဆိုတဲ့ နှစ်သစ်ကူး ပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်။
သင်္ကြန်အကျဉ်း ဆိုလိုရင်း
အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက် ကား ဖလ်သားအတိနဲ့ပြီးသော ‘ဘာဏုရာဇာ’ မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှနေပြီး နဝင်း တစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း၊ ပြောင်းရွှေ့ခြင်းလို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။
သင်္ကြန် အကျယ် သိမှတ်ဖွယ်
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလည်ဖို့ မလွယ်ကူဘူး ထင်မိပါတယ်။ ဒါကြောင့် အကျယ်ချဲ့ လေ့လာကြည့်တဲ့အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာသိရှိ မှတ်သားခဲ့ရပါတယ်။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ မိန် ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်း လှည့်ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့် ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့ အဿဝနီ နက္ခတ် ပထမပတ်သို့ စတင်ဝင်ရောက်ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ ကူးပြောင်းသောကြောင့် "သင်္ကြန်" ကျသည်ဟု ခေါ်ဆိုပါတယ်။
စူဠ မဟာ သင်္ကြန်အခါ
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယင်း ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့်အတွက် လူတို့က အလေးအနက် မထားမကြပါဘူး။ ဂြိုဟ်အပေါင်းတို့၏ မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ်ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြသောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်းကိုသာလျှင် "သင်္ကြန်" ဟု ၎င်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်" ဟု ၎င်း အလေးအမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကျင်းပကြပါတယ် ။ ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ် အဆုံးပိုင်းရက်များတွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ" မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ဟု သတိပြု နားလည်ရမည်ဖြစ်ပါတယ်။
သင်္ကြန် ကြို..အကျ ...အယူ အဆ
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။ သိကြားမင်း လူ့ပြည်ဆင်းချိန်သည် "သင်္ကြန်ကျချိန်" ဖြစ်၍...မဆင်းမီ တရက်အလို သိကြားမင်းကို ကြိုဆိုသော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ရှိပါတယ်။
သင်္ကြန်ကျရက် ဤသို့တွက်
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန် အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့် ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ်။
မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတော့တယ်။ အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက်မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ....။
ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ မှတ်သားဖွယ် ဖော်ထုတ်သွားခဲ့တာကို သတိရဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
ရုဒံ = ငိုကြွေးခြင်းကို သော်၎င်း၊
မေထုနဉ္စ = မေထုံမှီဝဲခြင်းကို သော်၎င်း၊
မံသံ = ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှ သော်၎င်း၊
သူရ = သေရည်သေရက်သောက်ခြင်းကို သော်၎င်း၊
ကောဓောစ = အမျက်ထွက်ခြင်းကို သော်၎င်း၊
ရုဓံ = သွေးထုတ်ခြင်းကို သော်၎င်း၊
တေလိကံ = ဆေးဆီလိမ်းခြင်းကို သော်၎င်း၊
နကေရ- မပြုရာ၊ မရောင်းအပ်။ ဣမာနိဒသ ကမ္မာနိ- ဤသို့ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ-
သိကြားမင်း သော်၎င်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။
မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်...။
ထို (၁၀) ပါးသော အမှု့တို့ကို မကြဉ်ရှောင်သော သူတို့အား နတ်သိကြားမင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်သားရပါတယ်....။ ဒါကြောင့် ပျို့ကဗျာတွေမှာ
”မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထုနာနှင့် ပါဏာသတ်ပုတ်၊ သောက်ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယနှင့် ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊
သတ်ခတ်တုန်ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင်ထား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကား သင်္ကြန်အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ပါတယ်။ ဒါကြောင့် သင်္ကြန်အတွင်းမှာ မကောင်းသော အပြုအမူ အပြောအဆို အကြံစည်တွေကို ရှောင်ကြဉ်ရပါတယ်။
သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား" ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲနေတာကို တွေ့ရပါမယ်။ "အတာ" ဟူသည် လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး" ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။ ယင်းအလိုအားဖြင့် "အတာ" ဟူသည် "နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်
အတာရက်ကို ဤသို့ဆို
"အတာရက်" မှာ သင်္ကြန် အတက်ရက် ဖြစ်၏။ နှစ်တနှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်" သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။
အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာ ၀တ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း စသည်ဖြင့် ဖေါ်ပြထားတာတွေ လေ့လာ ဖတ်ရှု့ရပါတယ်။
အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့် အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်းပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန်ရာသည်။" ဟု မှတ်သားရဖူးပါတယ်..။
အတာအိုး အတာပန်း
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရသည်။ (၇) ရက် သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ရှိပါတယ်။ စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်း ဆုယူပြုလေ့ရှိပါတယ် .။
ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ်။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ်။
ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန်မ၀င်မီ ဦးခေါင်းဆေး ကြရသည်။
အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြရသည်။
သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရသည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်းယူကာ ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ ကြပါတယ်။ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါအတိုင်း ဖော်ပြထားတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်။
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်းသည်
ပုဏ္ဏမေ၊ အံသာ (၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်း
သို့ ပြောင်းခဲ့သည်ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊
လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။
တေသံ၊ ထိုဦးခေါင်း ဆေးကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့ ဖြစ်ကုန်သော။ သတ သဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင်
သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်...။
မေတ္တာသီသေန စိတ္တေန ..........
အရှင်နန္ဒ၀ံသ။
ဇေယျသုခ ဓမ္မရိပ်သာ ၊

No comments :
Post a Comment