adv
တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။
.
{short description of image}
.
.
.
{short description of image}
တိရတနာ Online Radio
” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Recent Posts
Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။
Sunday, July 31, 2016
သေခြင်းကောင်းသော ဘ၀ လားရာကောင်းသော ဂတိ
နိဒါန်း
“သူသေဆိုသည်မှာ ဆွေမျိုးမိဘများနှင့် နောင်ဘယ်သောအခါမှ ပြန်မတွေ့ရတော့သောသူ ဖြစ်ပါသည်”ဟု ဘုရားလောင်း သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးမြင်ရာတွင်၊ ရထားထိန်းမောင်ဆန်၏ လျှောက်ထားချက်ဖြစ်ပါသည်။ လူတိုင်းသည် မိဘဆွေမျိုးများနှင့် အတူတကွ၊ ထာဝရနေလိုကြပါသည်။ လူတိုင်းမသေလိုကြပါ။ သေရမည်ကို ကြောက်ကြ၏။ သို့သော် လောက၌ မသေသူမရှိ၊ မသေရန် အမျိုးမျိုးကြံဆနေကြသော်လည်း မသေရန် မစွမ်းဆောင်နိုင်ကြပါ။ ပုခက်ပေါ်ရောက်သူတိုင်း ခေါင်းထဲရောက်ကြရမည် ဆိုသည့်အတိုင်း မွေးဖွားလာသော သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ရှောင်လွှဲမရ၊ မုချမသွေ သေဆုံးကြရပေမည်။
    ဘ၀ဆိုသည်မှာ နေခွင့်ရသလောက် နေရခြင်းသာဖြစ်၏။ နေချင်သလောက်နေ၍ မရပါ။ အကန့်အသတ်ရှိပါသည်။ မည်သည့်အချိန်အခါတွင် သေဆုံးကြရမည်ကိုလည်း မသိနိုင်ကြပါ။ သေခါနီးကြောက်စိတ်ကြောင့် အလွဲလွဲအမှားမှား ဖြစ်တတ်ကြပါသည်။ အကျိုးဆက်အားဖြင့်လည်း နောက်ဘ၀လားရာဂတိများ၊ မကောင်းနိုင်ကြပါ။ ဘ၀ဟောင်းကို ဘ၀ကောင်းနှင့်လဲနိုင်ရန် မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ဖြင့် သေဆုံးနိုင်ပြီး ကောင်းသော ဘ၀သစ်ကို ရရှိရန်ပြင်ဆင်ထားကြရပါမည်။ ဤစာအုပ်ကို
တစ်ခါဖတ်ဖူး သေဖို့နားလည်စေရန်၊ သေခြင်းကောင်းသောဘ၀ လားရာကောင်းသောဂတိကို ရရှိနိုင်ကြပါရန် ရည်ရွယ်ရေးသားအပ်ပါသည်။
ဘ၀၊ ဂတိ
“ရှေးရှေး “ဘ၀”တုန်းကပြုအပ်ခဲ့သော ကံကြောင့်ဖြစ်ရသော ရုပ်နာမ်(ခန္ဓာ)ကို “ဘ၀”လို့ခေါ်တယ်။ ဘ၀ကို “ဂတိ”နဲ့ တွဲပြီးသုံးလေ့ရှိတယ်။ အဲဒီဂတိကို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်ဗြဟ္မာလို့ ငါးမျိုးပြတယ်”ဟု အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ကိုယ်တိုင်ရေးသားသော “တစ်ဘ၀သံသရာ” စာအုပ်အစ၌ ဖွင့်ဆိုထားပါသည်။
    ဆရာတော်ဘုရားကြီး၏ အဆိုနှင့်အညီ ဗုဒ္ဓဘာသာဝင်တို့သည် ယခုလက်ရှိ ဘ၀အပြင်၊ ရှေးရှေးက ဘ၀များစွာရှိခဲ့ပြီး၊ နောင်နောင်ဘ၀များလည်း ဖြစ်ကြရဦးမည်ဟု ယုံကြည်ကြပါသည်။ သတ္တ၀ါတိုင်း၊ သတ္တ၀ါတိုင်းသည် ဘ၀အဆက်မပြတ် ဖြစ်ပေါ်နေရသည်၊ သံသရာ၌ တစ်ဘ၀ပြီးတစ်ဘ၀ အသစ်တစ်ဖန်ကျင်လည် နေကြရသည်ဟု ခံယူကြပါသည်။ ကျင်လည်ကြရမည့် ဘ၀များကို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်(၄)ဘုံ၊ လူနှင့်နတ်ပြည် (၆)ထပ်ဖြစ်သော ကာမသုဂတိ(၇)ဘုံနှင့် ဗြဟ္မာဘုံ(၂၀)ဟူ၍ စုစုပေါင်း (၃၁)ဘုံရှိသည်ဟု နားလည်ကြပါသည်။ သတ္တ၀ါတို့၏ တည်နေရာအရပ်ကို ပါဠိဘာသာတွင် “ဘူမိ”ဟူ၍ လည်းကောင်း၊ မြန်မာဘာသာတွင် “ဘုံ”ဟူ၍လည်းကောင်းခေါ်သည်။ ယင်းကို အကျဉ်းအားဖြင့် ပြိတ္တာနှင့် အသူရကာယ်ပေါင်း၍ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူနတ်ဗြဟ္မာဟူ၍ လားရာဂတိ ငါးဖြာဟုဆိုကြပါသည်။ ဂတိ ငါးနယ်၊ ချာချာလည်ဆိုသည့်အတိုင်း (၃၁)ဘုံအတွင်း ဘ၀ အဆက်မပြတ် အသစ်အသစ်ဖြစ်နေရ၊ လှည့်ပတ်နေရသောကြောင့် သံသရာဝဲသြဃဟု တင်စား၍ခေါ်ဆိုကြပါသည်။
    ဗုဒ္ဓတရားတော်အရ သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးပြီးနောက် ဤအရပ်၊ ဤမြို့၊ ဤတိုင်းပြည်၊ ဤကမ္ဘာတို့အပြင်၊ အခြားအခြားသော ဂြိုလ်များ၊ စကြ၀ဠာတို့၌ ဘ၀ အသစ်ဖြစ်နိုင်ကြပေသည်။
    အမျိုးဘာသာခြား၍လည်း ဘ၀အသစ်ဖြစ်နိုင်ကြပေသည်။ (၃၁)ဘုံလုံးတွင်ပင် ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာဝင်များ ရောက်ရှိကျင်လည်နိုင်ကြပါသည်။ ကျင်လည်ရမည့် ဘုံဘ၀များအကြောင်းကို အနည်းငယ်ဖေါ်ပြပါမည်။
အပါယ်လေးဘုံ
ကုသိုလ်ကောင်းမှုများစွာ ပြုခွင့်မရသော အရပ်ကို ပါဠိဘာသာအားဖြင့် “အပါယ”၊ မြန်မာဘာသာဖြင့် “အပါယ်”ဟုခေါ်၏။ အပါယ်လေးဘုံသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့ဖြစ်သည်။
ငရဲ
ငရဲဘုံသည် ကုသိုလ်ကောင်းမှုပြုခွင့်မရ၊ ဆင်းရဲကို အမြဲမပြတ် ခံနေရသော နေရာဖြစ်သည်။ ဤကမ္ဘာမြေကြီးအောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် (တစ်ယူဇနာ-၈မိုင်) ကွာဝေးသောအရပ်၌ ဥမင်လိုဏ်ကြီးသဖွယ် ဖြစ်လျက် အစဆုံးသိဉ္ဇိုးငရဲတည်ရှိ၏။ ထို့အောက် အဆင့်ဆင့် ကာဠသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တပနငရဲ၊ မဟာတာပနငရဲ၊ အ၀ီစိငရဲ ဟူ၍ ငရဲကြီးရှစ်ထပ် တည်ရှိ၏။ ထို ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်တောငရဲ၊ ဝေတ္တရဏီခေါ် သံရည်မြစ်ငရဲဟု ငရဲငယ်ငါးထပ် တံတိုင်းခတ်သကဲ့သို့ ရံပတ်နေသည်။
    ထိုငရဲများသည် လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားရန် အကျဉ်းထောင်များရှိသကဲ့သို့၊ သတ္တ၀ါတို့၏တည်ရှိရာ၊ ဤကမ္ဘာမြေပြင်အတွင်း၌ မကောင်းမှု ဒုစရိုက်ကျုးလွန်သူတို့၏ ကျရောက်ခံနေရန် နေရာငရဲများဖြစ်ကြ၏။ အကုသိုလ်ကြီးမားသူတို့မှာ မိမိပြုလုပ်ခဲ့သော အကုသိုလ်မကောင်းမှုများအလိုက် သက်ဆိုင်ရာငရဲသို့ ကျရောက်ရ၏။ ဆင်းရဲဒုက္ခအမျိုးမျိုး အဆက်မပြတ် ခံစားရ၍ အားငယ်စွာ အော်ဟစ်ငိုကြွေး မြည်တမ်းနေကြရပေသည်။ ငရဲထိန်းများ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ရိုက်နှက် နှိပ်စက်ခြင်းကို ခံနေကြရပေသည်။ ငရဲသားများသည် ကံကြောင့် ဖြစ်ရသောကြောင့် အကုသိုလ်ကံ မကုန်မချင်း မသေနိုင်၊ ဘ၀မပြောင်းနိုင်ဘဲ ငရဲဆင်းရဲကို ခံနေကြရ၏။ သက်တမ်းမှာ အကုသိုလ်ကံအလျောက် ရှည်ကြာကြ၏။ အချို့မှာ ရက်ပိုင်းမျှလောက်သာခံရသော်လည်း အချို့မှာ ကမ္ဘာနှင့်ချီ၍ ခံကြရ၏။
တိရစ္ဆာန်
    ကုန်းနေ၊ ရေနေ၊ အခြားများစွာရှိသော အခြေလေးချောင်းရှိသော၊ အခြေနှစ်ချောင်းရှိသော၊ အခြေမရှိသော သတ္တ၀ါများ (လူမှလွဲ၍)သည် တိရစ္ဆာန်များဖြစ်သည်။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ခွေး၊ ကြက်၊ ငှက်၊ ငါး၊ လိပ်၊ မြွေ၊ တီကောင်၊ ခြ၊ ပုရွက် စသည်တို့ဖြစ်၏။ တိရစ္ဆာန်တို့သည် လူ၏အနီးအပါးနှင့် တောတောင်၊ မြစ်၊ ချောင်း၊ အင်း၊အိုင်၊ သမုဒ္ဒရာတို့တွင် နေကြ၏။ တိရစ္ဆာန်တို့၏ ဆင်းရဲခြင်းသည် လူတို့၏ မျက်မြင်ပင်ဖြစ်၏။ ရာသီဥတုဒဏ်၊ အစားအသောက် ဆင်းရဲခြင်းဒဏ်၊ တစ်ကောင်နှင့်တစ်ကောင် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ခံရခြင်း၊ ခြင်၊ ယင်၊ ပုရွက်၊ သန်းများ အကိုက်ခံရခြင်းစသည်ဖြင့် ဒုက္ခများကို တွေ့ကြုံနေကြရပေသည်။ တိရစ္ဆာန်များ သက်တမ်းအလျောက် အသက်ရှင်နေထိုင်ကြရပေသည်။ တစ်ခါတစ်ရံ ကုသိုလ်ဖြစ်ခွင့်ရ၏။
ပြိတ္တာ, အသူရကာယ်
    အပါယ်သတ္တ၀ါ လေးပါးတို့တွင်ပါဝင်ပြီး လူ့ပြည်လောကအတွင်း၌ တောချုံပိတ်ပေါင်း၊ တောင်စောင်း၊ ဂူလိုဏ်စသည်တို့၌ခိုမှီ၍ ဆင်းရဲထူပြောစွာ ခံစားနေကြရသည့် သတ္တ၀ါမျိုးဖြစ်ပေသည်။ လူ့ပြည် လူ့လောကတွင် လူဟူ၍ ဖြစ်ခဲ့စဉ်တွင် ငြူစူဝန်တိုခြင်း များပြား၍ မိမိကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတစ်ပါးကို ပေးကမ်းလှူဒါန်းသည်ကိုလည်း တားမြစ်သူတို့သည် များသောအားဖြင့် ထိုသတ္တ၀ါမျိုး၌ ဖြစ်ကြရ၏။ မိမိပြုလုပ်ခဲ့သော မကောင်းမှုကြောင့် ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းစသော ဒုက္ခတို့ကို ခံစားလျက် နှစ်ပေါင်းရာထောင်၊ သိန်းသန်း ကာလပတ်လုံးသော်လည်းကောင်း၊ ဘုရား တစ်ဆူနှင့်တစ်ဆူအကြေား ကာလပတ်လုံးသော်လည်းကောင်း၊ မကျွတ်မလွတ်နိုင်ပဲရှိကြပေသည်။ ထိုမျှလောက်သောကာလပတ်လုံး ထမင်းတစ်လုံး၊ ရေတစ်ပေါက်မျှ မစားရ၊ မသောက်ရ၊ ကြီးစွာသော ဒုက္ခကို ခံစား နေရပေသည်။ အကုသိုလ်ကံအရှိန် မကုန်သဖြင့် ကွယ်လွန်သေဆုံး ဘ၀တုံးရခြင်းမရှိ၊ အလွန်ဆိုးဝါးသော အဆင်းဖြင့် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေကြရပေသည်။
    သင်္ဂါယနာဝင်၊ အဋ္ဌကထာ ဋီကာကျမ်းကြီးတို့၌ ဖေါ်ပြထားသည့်အတိုင်း ထိုပြိတ္တာများကို အတန်းအစား လေးမျိုးခွဲခြားဖေါ်ပြအပ်ပါသည်။
၁။ ပရဒတ္တူပဇီဝကပြိတ္တာ
    သူတစ်ပါးတို့ပေးသော အစာကိုအမှီပြု၍ အသက်ရှင်နေရသော ပြိတ္တာ။
၂။ ခုပ္ပိပါသိကပြိတ္တာ
    ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းဖြင့် မပြတ်နှိပ်စက်ခြင်း ခံနေရသော ပြိတ္တာ။
၃။ နိဇ္ဈာမတဏှိကပြိတ္တာ
    အမြဲလောင်ကျွမ်း ခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာ။
၎။ ကာလကဉ္စိ​ကပြိတ္တာ
    လောကပညတ္တိကျမ်းတွင် ပြိတ္တာ (၁၂)မျိုး၊ ပါရာဇိက ပါဠိတော်၊ သံယုတ်ပါဠိတော်တို့၌ ပြိတ္တာ (၂၁)မျိုးဟု အသီးသီးခွဲခြားလာရှိ၏။
    သို့ရာတွင် ၎င်းတို့ကို စုစည်းလိုက်ပါက ဖေါ်ပြခဲ့သည့် ပြိတ္တာလေးမျိုးတို့တွင် ထိုက်သည့်အားလျော်စွာအကျုံးဝင်သွားပေသည်။ အကျဉ်းအားဖြင့် အသူရကာယ်သည် ပြိတ္တာအကြီးစားဖြစ်သည်။
    တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ အစိမ်း၊ ဖုတ်ကောင်၊ ကျတ်ကောင်၊ မြေဖုတ်ဘီလူး၊ ဥစ္စာစောင့် စသည်တို့သည် ပြိတ္တာများပင်ဖြစ်ကြပေသည်။ ယင်းတို့မှာ များသောအားဖြင့် ပထမအမျိုးအစား ပရဒတ္တူပဇီဝက ပြိတ္တာမျိုးဖြစ်ကြပေ၏။ သင်္ချိုင်း၊ ရေစ၊ ကမ်းစ၊ သားငါးရလောက်သော အရပ်၌နေကြ၏။ အချို့မှာ သစ်ပင်၊ အိမ်အကြိုအကြား၊ ကျောင်း၊ ဘုရား၊ ဇရပ် အနီးစသည်တို့၌ နေကြ၏။ လူတို့၏ ထမင်းကျန်၊ ဟင်းကျန်၊ တံတွေး၊ အန်ဖတ်၊ အပုပ်အစပ်၊ အသေကောင်တို့ကို ရှာဖွေစားသောက်ကြ၏။ မရသောအခါ ငတ်မွတ်ခြင်းဖြင့် ဆင်းရဲခံနေရ၏။
    ပထမအမျိုးအစား ပရဒတ္တူပဇီဝက ပြိတ္တာမျိုးတို့သည် မည်မျှပင် ဆင်းရဲဒုက္ခခံစားနေရသော်လည်း မိမိတို့အားရည်ညွှန်း လှူဒါန်း၍ အမျှပေးဝေသည်ကို ၀မ်းမြောက်စွာ သာဓုခေါ်နိုင်လျှင် စားဖွယ်၊ သောက်ဖွယ်စသည်များ ရရှိနိုင်သည်။ ခံစားနေရသော ဆင်းရဲ ဒုက္ခများကွယ်ပျောက်၍ တစ်ခဏခြင်းမှာပင် ချမ်းသာ အမျိုးမျိုးကို ရရှိနိုင်သည်။
    ဝေမာနိကပြိတ္တာမျိုးသည် ကုသိုလ်အကုသိုလ်ရော၍ တစ်ခါတစ်ရံ ကုသိုလ်အကျိုးကြောင့် နတ်ဗိမ္မာန်၌ နတ်စည်းစိမ်ကို ခံစားရ၏။ အချို့ပြိတ္တာတို့သည် ကောင်းကင်၌ ပျံသန်းနိုင်၏။ တန်ခိုးအသင့်အတင့်ရှိ၏။ ပြိတ္တာတို့၏ ဘုံသည် လူ့ပြည်နှင့် တစ်ဆက်စပ်တည်း ရှိနေသော်လည်း ပြိတ္တာတို့အား လူများက မမြင်နိုင်ကြပေ။
နတ်ဘုံ
    နတ်ပြည်(၆)ထပ်ရှိပါသည်။ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတ၀သ၀တ္တီတို့ ဖြစ်ကြပေသည်။ စတုမဟာရာဇ် နတ်ပြည်သည် လူ့ပြည်နှင့် ဆက်စပ်လျှက်ရှိသည်။ ရုက္ခစိုး၊ ဘုမ္မစိုး စသည်တို့သည် စတုမဟာရာဇ်နတ်မျိုးများ ဖြစ်၏။ နတ်ပြည်များသည် ကောင်းကင်တွင် အဆင့်ဆင့်မြင့်ကာ တည်ရှိကြပေသည်။ ယေဘူယျအားဖြင့် နတ်စည်းစိမ်သည် လူ့စည်းစိမ်ထက် နေရာတိုင်း၌ပင် သာလွန်၏။ မိမိတို့၏ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင် ရရှိပြီးသော ဗိမာန်များကလည်း ဆန်းပြားလှပေ၏။ အားလုံးသော နတ်လုလင်တို့သည် အသက်(၂၀)အရွယ်၊ နတ်မိမယ်တို့သည် (၁၆)နှစ် အရွယ်၊ သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မွဲ၊ အရေတွန့်တွဲ ခြင်းမရှိ၊ ပကတိ အလှမပျက်၊ တစ်သက်လုံးတည်နေ၏။ နတ်သြဇာကိုသာ စားသုံးကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေးပေါ့မှစ၍ မကောင်းသော အနိဋ္ဌာရုံဟူသမျှတို့ လုံးဝမရှိတော့ပါ။ နတ်သမီးတို့မှာ ဓမ္မတာသွေး အညစ်အကြေးတို့မှ ကင်းစင်လေ၏။
    နတ်ဒေ၀ီတို့၌ ကိုယ်ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ကိစ္စစုများ တစ်ခုမျှမရှိ။ သားသမီးဖြစ်ထိုက်သော နတ်သား နတ်သမီးတို့သည် ရင်ခွင်၌သော်လည်းကောင်း၊ အိပ်ရာပေါ်၌သော်လည်းကောင်း၊ အလိုလို ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ သားသမီးအရာ၌ တည်သောနတ်များအပြင်၊ အခြား အစေခံနတ်သား နတ်သမီးများ၊ နတ်ကချေသည်၊ နတ်ဇာတ်သမားများ လည်းရှိကြ၏။ အချို့နတ်များ၌ ဗိမာန်ကိုယ်ပိုင်မရှိကြပါ။ နတ်သား နတ်သမီးပျိုတို့သည် လူပျိုလှည့်မှုလည်းရှိကြ၏။ အချို့နတ်သမီးများသည် ဗိမာန်အဆင်သင့်ရရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်သည့် နတ်သားမရှိကြသဖြင့် ပျင်းရိငြီးငွေ့အလိုမပြည့်ကြသည်လည်း ရှိသေး၏။ ကုသိုလ်ကံခြင်း ကွာခြားသလောက် ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေတတ်ကြပေသည်။ ရောက်ရှိရာ နတ်ပြည်အလိုက် သက်တမ်းများရှည်ကြသည်။
ဗြဟ္မာဘုံ
    ဗြဟ္မာဘုံသို့ရောက်ရန် ဈာန်ရသည်အထိ အားထုတ်ရ၏။ ထိုဈာန်ကုသိုလ်တရားတို့ အတွက်ကြောင့် ဗြဟ္မာဘုံ၌ ဖြစ်ကြရသော ဗြဟ္မာတို့သည် လွန်စွာငြိမ်သက်ကြပေသည်။ သားသမီး၊ ဇနီးမောင်နှံဟူ၍ မရှိကြ၊ အားလုံးဗြဟ္မာတို့မှာ ယောက်ျားသဏ္ဌာန်ရှိသော်လည်း ယောင်္ကျားအင်္ဂါနှင့် မိန်းမအင်္ဂါတို့ မပါကြတော့ပါ။ ကာမဂုဏ်ချမ်းသာကို ခံစားခြင်း မရှိကြပါ။
    နတ်ဘုံနတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် လူယောဂီသူတော်စင်များနည်းတူ တစ်ချို့က မေတ္တာစသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ၍၊ တစ်ချို့က ဈာန်ဝင်စားလျှက် ငြိမ်သက်အေးချမ်းစွာ စံမြန်းကြပေသည်။ လူ့ပြည်၌ အချင်းချင်း အတန်းအစား ကွာခြားသကဲ့သို့ ဗြဟ္မာချင်းလည်း အတန်အစားကွာခြားကြ၏။
    ဗြဟ္မာဘုံ၌ဗြဟ္မာဖြစ်ရသူတို့သည် လူ့ပြည်တွင်အရိယာအဖြစ်သို့ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာဘုံမှ အောက်ကာမဘုံသို့ပြန်၍ ပဋိသန္ဓေမတည်တော့ပေ။ အဆင့်ဆင့်ဉာဏ်ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကြလေတော့သည်။
    အရိယာမဖြစ်သေးလျှင်၊ ယင်းတို့၏ ဈာန်အဟုန်ကုန်သောအခါ လူ့ဘုံ၊ နတ်ဘုံဟူသော အောက်ကာမဘုံများသို့ တစ်ဆင့်ရောက်ကြ၍ ကံအကြောင်းမသင့်၍ လျှောကျရပြန်သောအခါ အပါယ်လေးပါး၌ ငရဲကောင်၊ ပြိတ္တာကောင်၊ တိရစ္ဆာန်ကောင်များလည်း ဖြစ်နိုင်ကြလေသည်။
စကြ၀ဠာ
    ရေထု၊ လေထု၊ မြေထုနှင့် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ အစုံအလင်ရှိသော ကမ္ဘာလောကတစ်ခုကို စကြ၀ဠာတစ်ခုဟုဆို၏။ ဤကမ္ဘာလောကတစ်ခုသာမက ရေတွက်၍မကုန်နိုင်၊ မဆုံးနိုင်အောင် များပြားလှသော စကြ၀ဠာရှိ၏။ ထို့ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသောစကြ၀ဠာ)ဟု ဆိုကြ၏။ ဤစကြ၀ဠာတို့သည် ဖြစ်၊ တည်၊ ပျက် လျက်ရှိနေပေသည်။ ကုဋေတစ်သိန်းလောက်သော စကြ၀ဠာတို့သည် ဖြစ်လည်းအတူတူ၊ တည်လည်း အတူတူ၊ ပျက်လည်း အတူတူရှိကြသည်ဟုဆို၏။
သေဆုံးခြင်းလေးမျိုး
    ဗုဒ္ဓအဘိဓမ္မာတရားတော်အရ ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးခြင်းမှာ အကြောင်းအားဖြင့် -
(၁)  သက်တမ်းကုန်းခြင်း
(၂)  ကံအစွမ်းကုန်ခြင်း
(၃)  သက်တမ်းနှင့် ကံအစွမ်း ၂မျိုးလုံးကုန်ခြင်း
(၄)  ဥပစ္ဆေဒက - ကံကသတ်ခြင်းဟူ၍ လေးမျိုးဖြစ်ပေသည်။
    ဥပမာအားဖြင့် ဆီမီးငြိမ်းရာတွင်
(၁)  ဆီကုန်ခန်းခြင်း
(၂)  မီးစာကုန်ခြင်း
(၃)  ဆီနှင့် မီးစာ နှစ်မျိုးလုံးကုန်ခန်းခြင်း
(၄)  ဆီနှင့် မီးစာရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း တမင်ငြိမ်းသတ်ခြင်းတို့ဖြင့် ထင်ဟတ်နိုင်ပါသည်။
(၁)  သက်တမ်းကုန်ခြင်း
    ဘုံဘ၀အသီးသီးတွင် ရှင်သန်နေထိုင်ရမည့် သတ်မှတ်ထားသော သက်တမ်းများရှိသည်။ လူ့ဘ၀၊ လူ့သကတမ်းသည် တက်ကပ် ဆုပ်ကပ်ပေါ် မူတည်၍ အတိုးအလျော့များရှိကြသည်။ လူ့သက်တမ်းသည် ဆယ်နှစ်တန်းမှ တစ်သိန်းတန်းအထိ ရှိနိုင်ပါသည်။ ယခုအခါတွင် ဆုတ်ကပ်ဖြစ်သည်။ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူသည့်အချိန်သည် လူ့သကတမ်း တစ်ရာဖြစ်သည်။ နှစ်တစ်ရာတွင် တစ်နှစ်ဆုတ်သဖြင့် သာသနာနှစ်ထောင့်ငါးရာ ကျော်လွန်ခဲ့ပြီဖြစ်၍ ယခုလက်ရှိလူ့သက်တမ်းကို (၇၅)တမ်းဟု မှတ်သားခန့်မှန်းကြသည်။ လူတို့သည် သတ်မှတ်သက်တမ်းထက် ပို၍သော်လည်းကောင်း၊ လျော့၍သော်လည်းကောင်း နေထိုင်နိုင်ကြ၏။ သင့်တော်ရုံကံပါလာသူတို့သည် သက်တမ်းကို မလွန်နိုင်ပါ။ (၇၅)နှစ်သက်တမ်းတွင် အသက်(၇၅)နှစ်၌သေဆုံးလျှင် သက်တမ်းကုန်၍ သေဆုံးဖြစ်သည်။ ဆီကုန်၍ မီးငြိမ်းရခြင်း သဘောဖြစ်သည်။
(၂)  ကံကုန်ခြင်း
    ဘ၀တစ်ခုကို စီမံလိုက်သောကံသည် ပဋိသန္ဓေတည်သည့် အချိန်မှစ၍ မိမိ၏သတ္တိမကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏၏။ ထိုကံ၏ အစွမ်းကို အားပေးကူညီသော အခြားကံများလည်းရှိသည်။ မူလကံနှင့် အားပေးကူညီသောကံတို့၏ အစွမ်းသတ္တိကုန်လျှင် သက်တမ်းမကုန်သေးသော်လည်း သေဆုံးကြသည်။ ယခု (၇၅)နှစ်သက်တမ်း၌ ကံအစွမ်းသည် (၆၀)ရှိလျှင် (၆၀)အရွယ်မှာပင် သေဆုံးရသည်။ သက်တမ်းမကုန်သေးဘဲ ကံအစွမ်းကုန်ခြင်းကြောင့် သေဆုံးရခြင်းကို ကံကုန်၍ သေဆုးခြင်းဟုခေါ်သည်။  ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် မီးငြိမ်းသကဲ့သို့ဖြစ်၏။
(၃) သက်တမ်းနှင့် ကံနှစ်မျိုးကုန်ခြင်း
    အချို့သူတို့သည် ကံအစွမ်းလည်းကုန်၊ သက်တမ်းလည်းကုန်ခြင်းကြောင့် သေဆုံးကြရသည်။ သက်တမ်း(၇၅)နှစ်၌ (၇၅)နှစ်နေရန် ကံပါသူသည် (၇၅)နှစ်၌ သေဆုံးခြင်းမျိုးကို သက်တမ်းနှင့်ကံအစွမ်း (၂)မျိုးလုံးကုန်ခြင်းကြောင့် သေခြင်းဟုခေါ်သည်။ ဆီလည်းကုန် မီးစာလည်းကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့်တူ၏။
(၄)  ဥပစ္ဆေဒက ကံကသတ်ခြင်း
    အချို့သူတို့သည် အသက်တမ်းလည်း မကုန်သေး၍ အသက်ရှင်နေနိုင်သေးသော်လည်း ရှေးဘ၀များကဖြစ်စေ၊ ယခုဘ၀၌ဖြစ်စေ၊ ပြုမိသော အကုသိုလ်ကံက အခွင့်သာ၍လည်းကောင်း၊ ယခုဘ၀တွင် အစဉ်းစား၊ အဆင်ခြင်၊ အမြော်အမြင်၊ ဉာဏ်မရှိပြုလုပ်မိသည်များကြောင့်၊ သေဆုံးရခြင်းသည် ဥပစ္ဆေဒက (ကပ်၍ သတ်ဖြတ်သောကံ)ကြောင့် သေရခြင်းဖြစ်သည်။ မီးစာ ဆီ ၂မျိုးလုံး မကုန်သေးသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ တမင်ငြိမ်းသတ်မှုကြောင့်၊ မီးငြိမ်းခြင်းမျိုးဖြစ်သည်။
    ဥပစ္ဆေဒက - ကံတစ်ခုခုကြောင့် သေရခြင်းကို “အကာလ မရဏ - သေဆုံးရန် အချိန်မကျရောက်သေးမီ သေရခြင်း”ဟု ခေါ်၏။ အမိ၊ အဖ၊ ဆရာသမား၊ ဂုဏ်ကြီးသောသူတို့ကို စော်ကားသူတို့သည် ထိုကံများကြောင့် သက်တမ်းစေ့သည်အထိ မနေရဘဲ ရုတ်တရက် သေဆုံးကြရတတ်သည်။ သတိမရှိ၊ ဉာဏ်မရှိ၍ အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများလည်း သေချိန်မကျဘဲ သေကြရ၏။ ရှေးရှေးက သူတစ်ပါးကို အစာငတ်ထားခဲ့ဘူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓါး စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့ဖူးသူတို့သည် ထိုကံများ အခွင့်ရသောအခါ ထမင်းငတ်၊ ရေငတ်၊ မြွေကိုက်၊ ရေနစ်၊ အဆိပ်မိ၊ မီးလောင် စသည်တို့ဖြင့် သေတတ်ကြပါသည်။ သူတစ်ပါး လက်နက်နှင့်သေခြင်း၊ မတော်တဆထိခိုက်မှုများဖြင့် သေရခြင်းတို့သည် ဥပစ္ဆေဒကကံကြောင့် ဖြစ်ပေသည်။
သေဆုံးခါနီး နိမိတ်ထင်ပုံ
    လူသာမဟုတ်၊ မည်သည့်သတ္တ၀ါမဆို၊ သေဆုံးခါနီးတွင် နိမိတ်သုံးပါးထင်ပြီးမှ သေဆုံးကြပါပေသည်။ အိပ်ပျော်စဉ် သေဆုံးသူ၊ ရုတ်တရက်သေဆုံးသူများပါ နိမိတ်ထင်ကြပါသည်။ ဥပမာ - တူထုနေစဉ် ဆောက်ရိုးထိပ်တွင် နားမိသော ယင်ကောင်အားထုမိ၍ သေရလျှင်ပင်  မသေမီ ထိုယင်ကောင်၌ နိမိတ်ထင်ပါသည်။
    သေဆုံးခါနီးတွင် (၁) ကံနိမိတ်၊ (၂) ကမ္မနိမိတ်၊ (၃) ဂတိနိမိတ် ဟု နိမိတ်သုံးမျိုးတွင် တစ်မျိုးမျိုးထင်လာတတ်ကြပေသည်။ ဒါန သီလစသော ကောင်းမှုကုသိုလ်များကို များများဆည်းပူးအားထုတ်ထားကြသော ပုဂ္ဂိုလ်များသည် များသောအားဖြင့် ကွယ်လွန်ခါနီးတွင်၊ ကောင်းသောကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြသည်။ သူ့အသက်သတ်ခြင်း စသော မကောင်းမှု အကုသိုလ်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်များသည် အများအားဖြင့် မကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြပါသည်။
    (၁) ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ (စေတနာ)များဖြစ်သည်။
    (၂) ကမ္မနိမိတ်ဆိုသည်မှာ ထိုကုသိုလ်နှင့် အကုသိုလ်ပြုစဉ်က တွေ့ကြုံသုံးစွဲခဲ့သော အရာဝတ္ထုများဖြစ်သည်။
    (၃) ဂတိနိမိတ်ဆိုသည်မှာ သေဆုံးပြီးနောက် ရောက်ရမည့်ဂတိ (ဒုတိယဘ၀)တွင်၊ မိမိတို့ ရောက်သွားကြရမည့် ကောင်းသောဘုံဘ၀၊ မကောင်းသောဘုံဘ၀ဟူသော ဖြစ်ရာဌာနများဖြစ်သည်။
ကံနိမိတ်ထင်လာပုံ
    သေချိန်မရောက်မီ စက္ကန့်အနည်းငယ်တွင်ဖြစ်စေ၊ နာရီဝက်၊ တစ်နာရီကွာခြားသော အချိန်အခါတွင်ဖြစ်စေ၊ ရက်ပေါင်း လပေါင်းနှစ်ပေါင်းများစွာ ဘ၀ပေါင်း၊ ကမ္ဘာပေါင်းများစွာ ကွာခြားသောအခါကဖြစ်စေ၊ ပြုခဲ့သော ကံအမျိုးမျိုးတို့သည် နောက်ဘ၀သစ်၌ အကျိုးပေးခွင့်ကြုံလာလျှင် ကွယ်လွန်ခါနီး ကာလတွင် ထင်လာတတ်၏။ ဤထင်လာသောကံကို ကံနိမိတ် ထင်လာသည်ဟု ဆိုသည်။ ကံနိမိတ်ထင်လာပုံ (၂)မျိုးရှိသည်။ ထိုကံကို အမှတ်ရသောအားဖြင့် ထင်လာခြင်းနှင့် လောလောဆယ်ပြုလုပ်နေရသကဲ့သို့ အိမ်မက် မက်နေသကဲ့သို့ အနေအားဖြင့် ထင်လာတတ်ပါသည်။
    ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးက မိမိတို့ ပြုလုပ်ခဲ့ဖူးသော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊ ဘာဝနာကုသိုလ်ကံတို့ပြန်၍ အမှတ်ရသောအားဖြင့်၊ စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ဤကဲ့သို့ မိမိပြုလုပ်ခဲ့သော ကုသိုလ်ကံများ ထင်မြင်လာခြင်းကို ကုသိုလ်ကံနိမိတ်ထင်သည်ဟု ဆိုပါသည်။
    မကောင်းမှု အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးကမိမိတို့ ပြုလုပ်ခဲ့ဖူးသော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ ကာမမှုစသော အကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ မကောင်းမှု အကုသိုလ်ကံများ ထင်မြင်လာခြင်းကို အကုသိုလ်ကံ နိမိတ်ထင်သည်ဟု ဆိုပါသည်။
ကမ္မနိမိတ်ထင်လာပုံ
    ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးတွင် မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ်ကံများပြုလုပ်ပုံ အခြင်းအရာများကို ထင်လာခြင်းသည် ကမ္မနိမိတ်ထင်ခြင်းဖြစ်၏။
    ကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် ဒါနပြုရာ၌ ကျောင်း၊ ဘုရားတည်ဆောက် ကိုးကွယ်လှူဒါန်းသူဖြစ်လျှင် ကျောင်း၊ ဘုရားအာရုံ၊ ရေစက်ချလှူဒါန်းပုံ အခြင်းအရာ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော အဆောက်အဦး၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပုံတော်၊ အဆောက်အဦး ပန်း၊ ဆီမီး စသော အာရုံများ ထင်လာတတ်ကြသည်။ ထို့အတူ ဆေးရုံ၊ ရေတွင်း၊ ရေကန်၊ စာသင်ကျောင်း၊ လှူဒါန်းနေပုံအခြင်းအရာများ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပုံ အခြင်းအရာ၊ ဥပုသ်သီလဆောက်တည်ပုံ အခြင်းအရာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ အခြင်းအရာ စိပ်ပုတီး၊ ယောဂီဝတ်၊ ကမ္မဋ္ဌာန်းကျောင်း စသည်တို့ကို စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ထို့အတူ ဝေယျာဝစ္စ စသည်ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပုံ အခြင်းအရာများလည်း ထင်လာတတ်ပါသည်။ ဤကဲ့သို့ ကုသိုလ်ပြုလုပ်ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို ကုသိုလ်ကမ္မနိမိတ်ထင်သည်ဟု ဆိုရသည်။
    အကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် သူတစ်ပါး အသက်ကို သတ်နေပုံ အခြင်းအရာ၊ သူတစ်ပါး ပစ္စည်းခိုးနေပုံအခြင်းအရာ၊ လိမ်ပြောနေပုံ၊ ကာမမှုကျူလွန်ပုံတို့ကို ထင်လာကြပါသည်။ သတ်ဖြတ်စဉ်က အသုံးပြုခဲ့သော၊ ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံစသော လက်နက်များ၊ ခိုးယူထားသော ပစ္စည်းခိုးရာတွင် အသုံးပြုသောပစ္စည်း စသည်ဖြင့် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာတတ်ကြပါသည်။
ဂတိနိမိတ်ထင်လာပုံ
    ပုဂ္ဂိုလ်သတ္တ၀ါတို့သည် ကွယ်လွန်ခါနီး၌ ဘ၀သစ်တွင် တွေ့ကြုံရမည့် လားရာဂတိအာရုံများကို တင်ကြို၍ ထင်လာတတ်သည်။
    ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောင်ဘ၀တွင် မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀၏ သာယာဖွယ်၊ အဆောက်အအုံ၊ ဥယျာဉ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထားစသည်ဖြင့် ထင်လာတတ်သည်။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲ အဆင်း၊ လူ၊ အိမ်ယာအဆောက်အဦး တို့ကိုထင်လာတတ်သည်။ ဤကဲ့သို့ မိမိတို့ ရောက်ရှိသွားရမည့် ဘုံဘ၀၏ သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်လာခြင်းကို ကုသိုလ်ဂတိနိမိတ်ထင်ဟပ်သည်ဟုဆိုသည်။
    မကောင်းမှုအကုသိုလ်ကံများသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် နောင်ဘ၀၌ မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀များ၏ မနှစ်သက်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများကို ထင်မြင်လာကြသည်။ ငရဲကျရမည့်သူဖြစ်လျှင်၊ ငရဲမီး၊ ငရဲထိန်း၊ ခွေးနက်ကြီး စသည်ဖြင့် ထင်လာတတ်၏။ တိရစ္ဆာန်ဘုံရောက်မည့်သူသည် တိရစ္ဆာန်တို့၏နေရာ၊ တိရစ္ဆာန်မိခင်ပုံပန်းသဏ္ဌာန်၊ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင်လည်း တောကြီးတောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိတို့နေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာဌာန အာရုံများ ထင်မြင်လာခြင်းကို အကုသိုလ်ဂတိနိမိတ် ထင်သည်ဟု ဆိုရပေသည်။
နိမိတ်ကိုတိုက်ရိုက်ထင်ပုံ
    အချို့သူတို့သည် ကွယ်လွန်ခါနီး လားရာဂတိ၌ ကြုံတွေ့ရမည့် အရာဝတ္ထုတို့ကို တိုက်ရိုက်ပင် မျက်စိဖြင့်တွေ့ရသည်။
အကုသိုလ်နိမိတ်တိုက်ရိုက်ထင်ပုံ
    ဘုရားရှင်လက်ထက် ရေ၀တီအမည်ရှိသော အမျိုးသမီးသည် ကျောင်းဒါယကာကြီး နိန္ဒိယသူကြွယ်၏ ဇနီးဖြစ်သည်။ မကွယ်လွန်မီကပင် နတ်ပြည်၌ ဘုံဗိမာန်ပေါက်ရလောက်အောင် နိန္ဒိယသူကြွယ်က သဒ္ဓါတရားရှိသလောက်၊ ရေ၀တီမှာ သဒ္ဓါတရားကင်းမဲ့သူဖြစ်၏။ ရဟန်းတော်များကို ဆဲရေးတတ်၏။ နိန္ဒိယသူကြွယ်ရှေးဦးစွာ ကွယ်လွန်၍ နတ်ပြည်၌ဖြစ်၏။ ရေ၀တီသေချိန်ရောက်သော် ငရဲမှ ငရဲထိန် နှစ်ဦးလာရောက်၍ အတင်းဆွဲကာ နတ်ပြည်သို့ ခေါ်သွားလျက် နိန္ဒိယ၏ စည်းစိမ်ကိုပြပြီးမှ ငရဲသို့ အတင်းဆွဲချ ခေါ်သွားခံရပေသည်။
ကုသိုလ်နိမိတ်တိုက်ရိုက်မြင်ပုံ
    ဘုရားရှင်လက်ထက်တွင် “ဓမ္မိက” ဥပါသကာ အမည်ရှိသော ပုဂ္ဂိုလ်သည် ဥပါသကာပေါင်းများစွာကို ခေါင်းဆောင်၍ သူတော်ကောင်းအဖြစ်ဖြင့် နေထိုင်၏။ ရတနာသုံးပါးနှင့် စပ်သမျှ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ ဓမ္မသ၀နစသော ကုသိုလ်လုပ်ငန်းများကို ဘ၀တစ်လျှောက်လုံး လုပ်လာ၏။ ကွယ်လွန်ခါနီး ရဟန်းတော်များ၏ တရားကိုနာစဉ်၊ နတ်ပြည်(၆)ထပ်မှ နတ်ရထား(၆)စင်း၊ ကောင်းကင်၌ တည်လျက် သူ့ရထားတင်မည်၊ ငါ့ရထားတင်မည်ဟု ပြောဆိုနေသံကို တရားနာနေသော ဓမ္မိက ဥပါသကာသည် မြင်လည်းမြင်ရ၊ ကြားလည်းကြားရ၏။ သားသမီးများအား ပန်းကုံးအပစ်ခိုင်းရာ တုသိတာနတ်ရထား၌တင်၏။ နောက်မကြာမီပင် ကွယ်လွန်သောအခါ တုသိတာ နတ်ရထားစီးနင်း၍ နတ်သားအဖြစ်ဖြင့် လိုက်ပါသွားလေသည်။
    မြေမျိုသူတို့အား အ၀ီစိမှမီးအရှိန်သည် လူ့ပြည်သို့တိုင်အောင်ဟပ်သဖြင့် မီးပူအတွေ့ကို မသေခင်ကပင် တွေ့ရသည်ဟု အဆိုရှိပါသည်။ အချို့ (သူတော်ကောင်းကြီးများ) ကွယ်လွန်ခါနီးတွင် အနီးအပါးရှိနေသူများပင် နတ်တူရိယာ (တီးသံ၊ မှုတ်သံ) တို့ကိုကြားကြရသည်။ အမွှေးအကြိုင်အနံ့များကို မွှေးကြရသည်ဟု စာပေများတွင် ဖတ်ရှုရပါသည်။
ယောင်ယမ်းပြောဆိုကြခြင်း
    အချို့သူတို့သည် ကွယ်လွန်ခါနီးတွင် ညင်ညင်သာသာ မရှိ၊ ပြောဆိုယောင်ယမ်းကြ၏။ ဤကဲ့သို့ ယောင်ယမ်းပြောဆိုသော စကားပေါ်မူတည်၍ လားရာ သုဂတိ၊ ဒုဂ္ဂတိကို မှန်းဆကြည့်နိုင်ပါသည်။
မုဆိုးဦးပဉ္စင်းကြီး
    ဘုရားရှင်လက်ထက်တော်အခါက ရဟန္တာ အရှင်သောဏ၏ ခမည်းတော်သည် ငယ်ရွယ်စဉ်အခါက မုဆိုးကြီးဖြစ်၍ ကြီးမှသာ ရဟန်းပြုရလေသည်။
    ဦးပဉ္စင်းကြီး ကွယ်လွန်ခါနီးကာလတွင် ရှေးကပြုခဲ့သော အကုသိုလ်ကံကြောင့် ခွေးကြီးများကသူ့အား ကိုက်တော့မည့်ဟန်ထင်နေသဖြင့် သားရဲ့ “ခြောက်ပါဟဲ့” “ခြောက်ပါဟဲ့” ဟု အော်နေသည်။ အရှင်သောဏက ဦးပဉ္စင်းကြီးတွင် ငရဲနိမိတ်ထင်နေပြီဟု တွေးသိကာ ကိုရင်လေးများကို ပန်းများ ခူးစေပြီး ဘုရားရင်ပြင်တော်နှင့် ဘုရားပလ္လင်တော်ပေါ်တွင် ပန်းကော်ဇောကြီးများ ခင်းစေ၏။ ဦးပဉ္စင်းကြီးအား ခုတင်ပါ ပင့်မ၍ သယ်ယူလာပြီး ဘုရားရင်ပြင်တော်ပေါ်တွင် ချထားပြီးပန်းကော်ဇောနှင့် ဘုရားကို အာရုံအပြုခိုင်းလျက် နှုတ်မှ “ဒီပန်းကော်ဇောနဲ့ မြတ်စွာဘုရားကို တပည့်တော် ပူဇော်ပါတယ်ဘုရား”ဟု ဆို၍ ပူဇော်စေသည်။ ထိုအချိန်တွင် ဦးပဉ္စင်းကြီး ၏ ဂတိနိမိတ်သည် ချက်ချင်းပြောင်းသွားပါသည်။ သူသည် နတ်ဥယျာဉ်တစ်ခုသို့ ရောက်နေပြီး နတ်သားနတ်သမီး နတ်ကချေသည်များက သူ့အားပတ်ပတ်လည် ၀ိုင်းရံ နေကြသည်ဟု ထင်လာပြီး ကြည်လင်ရွှင်ပျ ၀မ်းသာအားရဖြစ်လာ၍ နတ်သမီးများလာနေသည်ကို “ဟဲ့ သားရဲ့ နေရာဖယ်ပေးလိုက်ပါ။ သားရဲ့ မိထွေးတွေ လာနေတယ်” ဟု ယောင်ပြန်၏။ ထို့သို့နတ်ပြည် ဂတိနိမိတ်ကို ထင်လာစဉ်တွင်ပင် ဦးပဉ္စင်းကြီး ဘ၀ဆုံး ပျံလွန်တော်မူ၍ နတ်ပြည်သို့ရောက်သွားပါသည်။
မျက်နှာအနေအထားနှင့်ဂတိ
    ကွယ်လွန်ခါနီးသူ၏ မျက်နှာအနေအထားကို အကဲခတ်ကြည့်၍ ထိုသူ၏ လားရာဂတိကို မှန်းဆကြည့်နိုင်၏။ ကွယ်လွန်ခါနီးသူ၏ မျက်နှာအနေအထား ကြည်ကြည် လင်လင် အာရုံကောင်းထင်နေပြီဖြစ်၍ သုဂတိသို့ သွားရလိမ့်မည်ဟု မှန်းဆနိုင်ပါသည်။ မျက်နှာအနေအထား ညိုးငယ်နေလျှင် သို့မဟုတ် ကြမ်းတမ်းသော အမူအရာဖြစ်နေလျှင် မကောင်းသော အာရုံထင်နေပြီဖြစ်၍ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။
လားရာဂတိအတွက် ကံများအကျိုးသက်ရောက်ပုံ
    လားရာဂတိအတွက်ကောင်းသော နိမိတ်နှင့် မကောင်းသောနိမိတ်ထင်လာခြင်းသည် မိမိပြုလုပ်ခဲ့သောကံများနှင့် ထိုကံများ၏ အကျိုးပေးလှည့် အစဉ်ပေါ်တွင် မူတည်ပါသည်။
    ကံသည် ပါဠိစကား “ကမ္မ”ဖြစ်ရာ မြန်မာလို “ကံ” “အမှု” ဖြစ်သည်။ ကံသည် ကိုယ်၊ နှုတ်၊ စိတ်၊ သုံးမျိုးဖြင့်ပြုလုပ်ခဲ့သော (ယခုဘ၀နှင့် ရှေးရှေးဘ၀ အဆက်ဆက်တို့မှ) ကောင်းမှု၊ မကောင်းမှုများ ဖြစ်ကြသည်။ ဥပမာ - သူတစ်ပါးအား သတ်ဖြတ်ရန် ကြံစည်ခြင်း၊ သတ်ရန်ပြောဆို အမိန့်ပေးခြင်း၊ ကိုယ်တိုင်သတ်ခြင်း စသည်တို့သည် မကောင်းမှု အကုသိုလ်ကံများဖြစ်၍ အလှူဒါန ပြုလုပ်လိုခြင်း၊ သူတစ်ပါးအား ပြုလုပ်စေရန် ဟောပြောခြင်း၊ ပြုလုပ်စေခြင်း၊ ကိုယ်တိုင် လှူဒါန်းမှုပြုလုပ်ခြင်း စသည်တို့သည် ကောင်းမှုကုသိုလ်ကံများ ဖြစ်ကြ၏။ အကျိုးပေးလှည့် အစီအစဉ်အားဖြင့် ခွဲခြားရသော ကံ(၄)ပါး ရှိသည်။
    ယေဘူယျအားဖြင့် ကောင်းသောကုသိုလ်ကံများရှိသူသည် ကောင်းသော သုဂတိဘ၀ရောက်နိုင်သည်။ မကောင်းသော အကုသိုလ်ကံများရှိသူသည် မကောင်းသော ဒုဂ္ဂတိဘ၀ကို ရောက်ရန်ရှိသော်လည်း အောက်ဖေါ်ပြပါ (ပါကဒါန ပရိယာယ) အကျိုးပေးလှည့် အစဉ်အားဖြင့် ခွဲခြားရသော ကံလေးပါးကြောင့် အချို့လားရာဂတိ ပြောင်းလဲကြရပေသည်။
(၁) ကြီးလေးသော ဂရုကံ
    ကုသိုလ်ဘက်တွင် ဈာန်ရရှိသည်အထိ ကျင့်ကြံထားသည်များ၊ အကုသိုလ်ဘက်တွင် အမိ၊ အဖ၊ ရဟန္တာတို့ကို သတ်သောကံများ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသောကံ၊ သံဃာသင်းခွဲသောကံဖြစ်သည့် ပဉ္စာနန္တရိယကံကြီးများဖြစ်သည်။
(၂) သေခါနီးတွင် ပြုသောကံ၊ အာသန္နကံ
    သေခါနီးတွင် ပြုလုပ်သောကံနှင့် ရှေးကပြုခဲ့သည်များကို သေခါနီးတွင်ပြန်၍ နှလုံးသွင်းမိသော ကံများဖြစ်သည်။
(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဍ္လကံ
    အမြဲတစေ နှစ်ရှည်လများပြုလုပ်သော ကံများ၊ တစ်ခါပြုလုပ်ပြီးနောက် ထိုကံကို ထပ်ခါထပ်ခါ ဆင်ခြင်နှလုံးသွင်းမိပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသော ကုသိုလ်ကံများနှင့် တွေးမိတိုင်း ထပ်ခါထပ်ခါ၊ စိတ်ပူပန် ဆင်းရဲနေရသော အကုသိုလ်ကံများဖြစ်သည်။
(၄) ပြုမိရုံမျှဖြစ်သောကံနှင့် ရှေးဘ၀များမှကံ၊ ကဋတ္တာကံ
    ရှေးကံသုံးပါးတွင် မပါဝင်သော အမှတ်မထင်ပြုမိသည်များနှင့် ရှေ့ဘ၀များတွင် ပြုခဲ့မိသော ကံများဖြစ်သည်။
အကျိုးပေးလှည့်အစဉ်
    ကံလေးမျိုးအနက် ကြီးလေးသော ဂရုကံပြု မိသောသူများလည်း နောင်ဘ၀ပဋိသန္ဓေ အကျိုးကို မုချပေးသည်။ ဂရုကံမရှိလျှင် သေခါနီးတွင် ပြုသော အာသန္နကံက အကျိုးပေးသည်။ အာသန္နကံ မရှိလျှင် အမြဲတစေပြလုပ်သော အာစိဏ္ဍ္လကံက ပဋိသန္ဓေအကျိုးကို ပေးသည်။ ရှေးကသုံးပါးမရှိမှသာ ကဋတ္တာကံက အကျိုးပေးသည်။
    နှစ်ရှည်လများအမြဲပြုလုပ်နေသော အာစိဏ္ဍ္လကံသည် သဘာဝအားဖြင့် အားကောင်းသောကံဖြစ်သည်။ အာသန္နကံသည် သဘာဝအားဖြင့် အာစိဏ္ဍ္လကံလောက် အားမကောင်းပါ။ သို့သော် သေပြီးနောက်တစ်ဘ၀အတွက် ပဋိသန္ဓေအကျိုးပေးရာတွင်၊ သေခါနီးပြုလုပ်သော အာသန္နကံသည် ပဋိသန္ဓေနှင့် နီးကပ်သောကြောင့် ပဋိသန္ဓေ အကျိုးပေးနိုင်ဖို့ရန် ပို၍ အခွင့်သာသွားပါသည်။
ဥပမာ -
    နွားခြံထဲသို့ စားကျက်မှနွားများပြန်ရောက်လျှင် အားကြီးသောနွားများ အရင်ရောက်၏။ အားနည်းလှသော နွားအိုများ နောက်မှရောက်၍ ခြံဝတွင် အိပ်ရ၏။ နံနက်တွင် နွားများကို စားကျက်လွှတ်ရန် ခြံကိုဖွင့်လျှင် ခြံ၏နောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရောက်နေသော အားကောင်းသည့်  နွားကြီးများ အရင်မထွက်နိုင်ဘဲ ခြံဝတွင်ရှိသော အားနည်းသော နွားအိုကြီးများကသာ အရင်ထွက်နိုင်သကဲ့သို့ ပဋိသန္ဓေနှင့် နီးသော သေခါနီးပြုလုပ်သော ကံက ပဋိသန္ဓေကျိုးပေးခြင်းဖြစ်သည်။
အကျိုးပေးလှည့် သာဓကများ
(၁) ကြီးလေးသောကံ
    ဂရုကံသည် အားကြီးသောကံဖြစ်၍ မည်သည့် ကံကမျှတား၍မရ၊ ဒုတိယဘ၀ပဋိသန္ဓေအကျိုးကို မဖြစ်မနေပေးသည်။ ဈာန်ရရှိသည်အထိ အကျင့်ရှိသော ပုဂ္ဂိုလ်များကွယ်လွန်လျှင် ဒုတိယဘ၀တွင် ဗြဟ္မာပြည်သို့ မလွဲဧကန် ရောက်ရသည်။
အာဠာရနှင့် ဥဒကရသေ့
    မြတ်စွာဘုရား အလောင်းတော် တောထွက်တော်မူပြီးနည်းနာခံယူသော အာဠာရဂုဏ်းဆရာကြီးနှင့် ဥဒကဂုဏ်းဆရာကြီးတို့သည် လောကီသမာပတ် ဈာန်ရရှိကြသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အလောင်းတော်ဘုရားမဖြစ်မီတွင် ကွယ်လွန်ကြရာ ဈာန်ကုသိုလ်ကြောင့် ဗြဟ္မာပြည်သို့လားကြ၏။ အာဠာရဂုဏ်းဆရာကြီးသည် ဘုရားမပွင့်မီ (၇)ရက်အလိုတွင် ကွယ်လွန်ပြီး၊ အရူပဗြဟ္မာလေးဘုံတို့အနက်၊ သုံးဆင့်မြောက်ဖြစ်သော အာကိဉ္စညာယတနဘုံ၌ဖြစ်သည်။ ဥဒကဂုဏ်းဆရာကြီးသည် ဘုရားပွင့်တော်မူမည့် ညသန်းခေါင်တွင် ကွယ်လွန်ပြီး၊ အရူပဗြဟ္မာလေးဘုံအနက် လေးဆင့်မြောက်သော (ဘ၀ဂ်ခေါ်သည့်) နေ၀သညာနာသညာယတနဘုံ၌ဖြစ်၏။ ဈာန်ကုသိုလ်သည် လောကီကုသိုလ်တို့တွင် အားအကြီးဆုံးကုသိုလ် ဂရုကံဖြစ်၍ (၃၁)ဘုံတွင် အမြင့်မြတ်ဆုံးသော ဗြဟ္မာဘုံများသို့ ဒုတိယဘ၀တွင် အမှန်ရောက်ကြ၏။
အဇာတသတ်မင်း
    အဇာတသတ်မင်းကြီးသည် ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်သည်။ ဒေ၀ဒတ်နှင့်ပေါင်းမိ၍ အကုသိုလ်ဘက်တွင် အားအကြီးဆုံးကံတစ်ခုဖြစ်သော အဖသတ်ကံကို ကျူးလွန်မိသည်။ စံလွန်သောအခါ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံရ၏။ ယခုအချိန်သည် အဇာတသတ်မင်း ငရဲခံနေရဆဲပင်ဖြစ်၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သော ပါရမီရှိသူဖြစ်၏။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တရားရေအေး တိုက်ကျွေးသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ မရောက်ခဲ့ပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပင် မကယ်နိုင်သော ဘ၀ဖြစ်ပါသည်။ ဘုရားရှင်ကို လွန်စွာသဒ္ဓါကိုးကွယ်ခြင်း၊ ပထမသင်္ဂါယနာ တင်နိုင်ရန် ပံ့ပိုးခြင်း၊ ဓာတ်တော်တိုက်တည်ခြင်း စသော သာသနာရေးဆောင်ရွက်ချက် ကုသိုလ်အစုအပုံများကလည်း ဤအဖသတ်ကံကို မတားနိုင်ပါ။ ကြီးလေးသော အဖသတ်ကံကြောင့် ငရဲရောက်ရပြီး များစွာသော ကုသိုလ်ကံများကြောင့် ငရဲမှလွတ်လျှင် ၀ိဇိတ၀ိသေသ မည်သော ပစ္စေကဗုဒ္ဓါဖြစ်လတ္တံဟုဆိုပါသည်။
(၂) သေခါနီးတွင်ပြုသောကံ၊ အာသန္နကံ
    သေခါနီးတွင် ကပ်၍ပြုလုပ်သောကံ၊ သေခါနီးပုဂ္ဂိုလ်အတွက် အလွန်အရေးကြီးသော ကံဖြစ်ပါသည်။ ကြီးလေးသောဂရုကံမရှိလျှင်၊ ဒုတိယဘ၀ ပဋိသန္ဓေ အကျိုးဧကန်ပေးမည့်ကံဖြစ်သည်။ သေခါနီးအချိန်တွင် အကုသိုလ်စိတ်ဝင်လျှင် အကုသိုလ်ပြုမိလျှင် မကောင်းသော ဒုဂ္ဂတိလားမည် ဧကန်ဖြစ်၍ ကုသိုလ်စိတ်၊ ကုသိုလ်အမှုပြုမိလျှင် ကောင်းသော သုဂတိလားမည် ဧကန်ဖြစ်၏။
မဏ္ဍူက - ဖါးနတ်သား
    ထိုနတ်သားသည် ဂေါတမဘုရားရှင်လက်ထက် ရေကန်၌ ဖားသတ္တ၀ါဖြစ်၏။ တစ်နေ့၌ မြတ်စွာဘုရားတရားတော်ကို နာယူခိုက်တွင် နွားကျောင်းသားတစ်ဦးက ထိုဖားအပေါ်တွင် တုတ်နှင့်ထောက်၍ ဖိလိုက်သဖြင့် သေဆုံးသွား၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော၊ အရောင်အ၀ါ အပြည့်အစုံဖြင့် ရောက်ရှိသွား၏။ တရားတော်၏ အဓိပ္ပါယ်ကို မသိသော်လည်း စိတ်၏ ကြည်ညိုခြင်းဖြင့် နားထောင်မိသော ကုသိုလ်စိတ်ဖြင့် သေဆုံးရသောကြောင့် သုဂတိ ဘ၀ကိုလားရ၏။
ကုန်သည်ခုနစ်ရာ
    မြတ်စွာဘုရားရှင်လက်ထက်၌ ကုန်သည်ခုနစ်ရာတို့သည် သင်္ဘောဖြင့်ကုန်ရောင်းထွက်ခဲ့ရာ ခုနှစ်ရက်မြောက်သောနေ့၌ လေမုန်တိုင်းတိုက်ခတ်၍ သင်္ဘောကွဲပေါက်ပြီး ရေများ အမြန်စီးဝင်ပြည့်လာ၏။ သင်္ဘောကြီးနစ်မြုပ်တော့မည်ကို သိကြသောကုန်သည်တို့သည် မိမိကိုးကွယ်ထားကြသော နတ်တို့၏ အမည်ကို ခေါ်ကြ၍ ကြောက်လန့်တကြား ဟစ်အော် ငိုကြွေးနေကြ၏။ တစ်ယောက်သောကုန်သည်သည် သေရမည့်ဘေးနှင့်တွေ့ကြုံရာ၌ မိမိအားကိုးရာကို ကြံစည် ဆင်ခြင်ကြည့်ရာ သင်္ဘောထွက်မည့်နေ့တွင် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်း၍ ဆောက်တည်ခံယူခဲ့သော သရဏဂုံနှင့် ငါးပါးသီလတို့ စင်စင်ကြယ်ကြယ်ရှိနေသည်ကိုတွေ့မြင်ရသောကြောင့် တရားထိုင်မှတ်နေသော ယောဂီကဲ့သို့ ထက်ဝယ်ဖွဲ့ခွေထိုင်ပြီး၊ ယင်းတို့ကို အာရုံပြု၍နေ၏။ ကြောက်လန့်နေကြသော ကုန်သည်တို့သည် ထိုကုန်သည်၏ အကြောင်းစုံကိုသိရလျှင် သရဏဂုံနှင့် ငါးပါးသီလပေးရန် တောင်းပန်ကြ၏။ ကုန်သည်တို့အား တစ်ရာစီ စုဝေးစေ၍ သရဏဂုံ၊ သီလနှင့်ပြည့်စုံသော ကုန်သည်က တစ်ရာစုကို တစ်ကြိမ်စီ ငါးပါးသီလပေး၏။ ပထမဆုံး ကုန်သည် ရာစုသည် ခြေဖမျက်သော ရေ၌ရပ်တည်၍ သီလယူရ၏။ ဒုတိယ ကုန်သည်ရာစုသည် ဒူးခေါင်းမျှသောရေ၌၊ တတိယကုန်သည် ရာစုသည် တင်ပါးမျှသောရေ၌၊ စတုတ္ထကုန်သည်ရာစုသည် ချက်မျှသောရေ၌၊ ပဉ္စမကုန်သည်ရာစုသည် သားမြတ်မျှသောရေ၌၊ ဆဋ္ဌမကုန်သည်ရာစုသည် လည်မျှသောရေ၌၊ သတ္တမကုန်သည်ရာစုသည် ပါးစပ်ထဲသို့ ဆားငန်ရည် ၀င်စပြုလာသောအခါ၌ ရပ်တည်၍ သီလယူရ၏။ ကုန်သည်ခုနစ်ရာလုံး သီလယူပြီးကြသောအခါ သရဏဂုံသီလနှင့်ပြည့်စုံသော သူတော်ကောင်း ကုန်သည်က “သင်တို့မှာ အခြားတစ်ပါးသော ကိုးကွယ်အားထားရာမရှိပြီ၊ သင်တို့ဆောက်တည်ခံယူထားသော သီလကိုသာ ဆင်ခြင်နှလုံးသွင်းကြကုန်လော့”ဟူ၍ ကြွေးကြော်ပေးပြီး တစ်ပြိုင်နက် သင်္ဘောကြီးလည်း နစ်မြုပ်သွားလေ၏။ သေဆုံးပြီးနောက် တစ်ပေါင်းတစ်စုတည်းပင် တာဝတိံသာနတ်ပြည်သို့ ရောက်ကြ၏။ ဤသည်မှာ ကွယ်လွန်ခါနီးတွင် အကြောက်တရား (ဒေါသ)ကိုပယ်နိုင်၍ ပြုလုပ်သော ကုသိုလ်အားနှလုံးသွင်းထားစဉ် ကွယ်လွန်သောကြောင့်ဖြစ်သည်။
သန်းဖြစ်ရသော တိဿမထေရ်
    ဘုရားရှင်လက်ထက်တွင် တိဿမထေရ်ဟု ထင်ရှားသော ရဟန်းတစ်ပါးရှိ၏။ အလှူခံရရှိသော အ၀တ်အားသင်္ကန်းချုပ်ဆိုး၏။ သင်္ကန်းပြီးဆုံးသောအခါ မထေရ်သည် စွဲလမ်းနှစ်သက်တပ်မက်၍ နက်ဖြန်ခါ ၀တ်ရုံမည်ဟုကြံစည်၍ သင်္ကန်းတန်းပေါ်တွင် တင်ထား၏။ ထိုည၌ အစာမကြေရောဂါဖြစ်၍ ပျံလွန်တော်မူ၏။ သင်္ကန်းကိုစွဲလမ်းသော လောဘစိတ်ကြောင့် ထိုခဏ၌ပင် သင်္ကန်း၌ သန်းဖြစ်၏။ ရဟန်း၏ပစ္စည်းများကို သံဃာအားခွဲဝေပေးရန်အတွက် သင်္ကန်းကိုယူသောအခါ ထိုသန်းသည် “ဤရဟန်းတို့သည် ငါ၏ဥစ္စာကို လုယက်နေကြသည်ဟု” အော်ဟစ်၍ပြေးလွှားနေ၏။ ဤသည်ကို မြတ်စွာဘုရား ဒိဗ္ဗသောတဖြင့်ကြားသိ၍ အာနန္ဒာမထေရ်အား (၇)ရက်ပတ်လုံး သင်္ကန်းအားထားစေ၍ (၈)ရက်မြောက်နေ့တွင်မှ ယူဆောင်စေ၏။ ထိုသန်းသည် (၇)ရက်မြောက်နေ့တွင် သေဆုံးပြီး တုသိတာနတ်ပြည်၌ နတ်ဖြစ်၏။ သေခါနီးတပ်မက်သော တဏှာလောဘ အကုသိုလ်စိတ်၊ သေခါနီး မကောင်းမှုကံကြောင့် သန်းဖြစ်ရ၏။ ထို့နောက် ဆောက်တည်ခဲ့သော ရဟန်းတရားများကြောင့် နတ်ဖြစ်ရ၏။
    အကယ်၍ ရဟန်းများ ထိုသန်းမသေဆုံးမီ သင်္ကန်းကိုယူလိုက်မိပါက ရဟန်းတို့ကို စိတ်ဖြင့် ပြစ်မှားသောကြောင့် ငရဲသို့ရောက်ရမည်ဖြစ်၍ ဘုရားရှင်က တားမြစ်ရခြင်းဖြစ်၏။
မလ္လိကာဒေ၀ီ
    မလ္လိကာဒေ၀ီသည် သာဝတ္ထိပြည့်ရှင်၊ ပေဿနဒီကောသလမင်းကြီး၏ မိဖုရားဖြစ်သည်။ အမြော်အမြင် ပညာနှင့်ပြည့်စုံပြီး သာသနာတော်ကို အလွန်သက်ဝင် ကြည်ညိုသော မိဖုရားကြီးဖြစ်သည်။ ကောသလမင်းကြီးနှင့် စိတ်တူသဘောတူ အသဒိသ အလှူတော်ကြီးကို ဘုရားအမှူးရှိသော သံဃာတော်များကို ပေးလှူခဲ့သူဖြစ်သည်။ သို့သော် သူကွယ်လွန်သွားသောအခါ အ၀ီစိငရဲတွင် ကျရောက်ခံစားရပါသည်။ သေခါနီးတွင် ရှေးကပြုခဲ့မိသော မကောင်းမှုအကုသိုလ်ကို အာရုံပြုမိပြီး စိတ်ဆင်းရဲမှုကို ခံစားနေရခိုက် ဒေါသဖြင့် ကွယ်လွန်သွား၍ ဤသို့ ရောက်ရှိရခြင်းဖြစ်၏။ ၎င်းပြုခဲ့သော မကောင်းမှုမှာ တစ်နေ့တွင် မရည်ရွယ်ဘဲ အမှတ်မထင်ဖြစ်ပေါ်လာသော သူ့အချစ်တော်ခွေး၏ အတွေ့ကို သာယာမိမှုနှင့် ထိုကိစ္စကို သိသွားသော ကောသလဘုရင်ကြီးအား ပရိယာယ်ဆင်၍ ဆိတ်မနှင့် မဟုတ်မမှန် လုပ်ကြံစွပ်စွဲသော မကောင်းမှု အကုသိုလ်ဖြစ်သည်။
    သေခါနီးတွင် ထိုအဖြစ်အပျက်များကို အာရုံပြုမိ၍ စိတ်မချမ်းမသာနှင့် သေရသည်။ ဤအကုသိုလ် အာသန္နကံသည် အ၀ီစိပဋိသန္ဓေကျိုးကို ပေးလိုက်ပါသည်။
    မလ္လိကာဒေ၀ီမိဖုရားသည် သေခါနီးတွင် အကုသိုလ်ကို အာရုံပြုမိ၍ အ၀ီစိငရဲကျသော်လည်း (၇)ရက်သာ ငရဲခံရ၏။ ထိုအကုသိုလ်ကံ အစွမ်းသတ္တိများကုန်သွားသော (၈)ရက်မြောက်နေ့တွင် ငရဲမှလွတ်မြောက်၍ တုသိတာနတ်ပြည်တွင် နတ်ဖြစ်ရသည်။
တမ္ဗဒါဌိက ခိုးသူသတ်သမား
    ဘုရားရှင်လက်ထက် ရာဇဂြိုဟ်ပြည်တွင် တမ္ဗဒါဌိကအမည်ရှိသော ခိုးသူသတ်သမားသည် အနှစ်(၅၀)ပတ်လုံး သူခိုးတို့အား သတ်ပေးရသော ခိုးသူသတ် ရာထူးရသဖြင့် နေ့တိုင်းပင် ဖမ်းဆီးရမိသော သူခိုးများကို သတ်ရလေသည်။ ရာထူးမှ လျောကျသောနေ့၌ ယခင်က သုံးဆောင်ခွင့် မရသော ဆီဦးထောပတ်နှင့်တကွ နို့နှင့်ရောသော ယာဂုကိုစားသုံးရန် အတွက် ကျိုချက်စေ၏။ ယင်းခိုးသူသတ်သမားအား ချီးမြှင့်ရန်အတွက် အရှင်သာရိပုတ္တရာသည် ထိုသူ၏ အိမ်သို့ ဆွမ်းခံကြွ၏။ ဆွမ်းအလှူခံပြီးနောက် ထိုသူ သက်ဝင်ယုံကြည် နာယူခြင်းရှိလာစေရန် အနုမောဒနာတရားကို ဟောကြားတော်မူ၏။ ခိုးသူသတ်သမားသည် ၀ိပဿနာဉာဏ်များ ဖြစ်လာ၏။ တရားတော်ဟောကြားပြီး ပြန်ကြွသော အရှင်သာရိပုတ္တရာအား လိုက်ပို့စဉ် နွားဝှေ့၍ သေဆုံးရာ တုသိတာနတ်ပြည်၌ နတ်သားဖြစ်၏။ ဤသည်မှာ သေခါနီးကပ်၍ ပြုလုပ်သောကုသိုလ်နှင့် ၀ိပဿနာဉာဏ်၊ သေခါနီး ပြုသောကံများက အကျိုးပေးသောကြောင့်ဖြစ်၏။
တစ္ဆေဖြစ်ရသော ကျောင်းအမကြီး
    မျက်မှောက်ကာလတွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ဟောပြောချက်အရ အမရပူရမြို့(တောင်မြို့)မှ ဒါယကာမကြီးတစ်ဦးသည် တောင်သမန်ဘက်တွင် ကျောင်းတိုက်ကြီးဆောက်၍ လှူဒါန်း၏။ ထို့အပြင် အညာဒေသပူပြင်းသောကြောင့် ရေချမ်းစင်များစွာကိုလည်း လှူဒါန်းမှုပြု၍ ကျောင်းအမကြီး ရေချမ်းအမကြီးဟူသော နာမည်နှင့် လူသိများ၏။ သူကွယ်လွန်ခါနီးသောအခါ သားသမီးများ ငိုကြလွန်းသောကြောင့် ထိုသူတို့ကို စွဲလန်း၍ (လောဘဖြင့်) သေဆုံးသွားသဖြင့် တစ္ဆေ(ပြိတ္တာ)ဖြစ်ရ၏။ အဖေါ်တစ္ဆေများနှင့် အပျော်သွားကြနေ၍ သင်္ချိုင်းတွင် လှူဒါန်းမှုများကို မသိလိုက်ပါ။ ရက်လည်ဆွမ်းကျွေးသည့်အခါတွင်မှ တရားနာရ၊ အမျှဝေသည်ကိုလည်းရသည်ဟု တရားဟောပြီး ပြန်ကြွသော ဆရာတော်ဘုရားကိုလိုက်၍လျှောက်ထားပြီး ကျွတ်လွတ်သွားပါသည်။ ကွယ်လွန်ခါနီးတွင် ဆွေမျိုးသားသမီးများအနေဖြင့် မငိုမိရန် အထူးသတိထားသင့်သည်။ သားသမီးကို စွဲလန်းသော လောဘတဏှာ အကုသိုလ်အာသန္နကံက တစ္ဆေ(ပြိတ္တာ)ဘ၀ရောက်ရန် အကျိုးပေးသွားခြင်းဖြစ်၏။
(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဍ္လကံ
    အမြဲတစေပြုလုပ်သည့် ကောင်းမှုကံ၊ မကောင်းမှုကံများသည် အားကြီးသောကံများဖြစ်၏။ သတ်မှု၊ ခိုးမှု၊ လိမ်ပြောမှု ကာမမှုစသည်ဖြင့် မကောင်းမှု၌ အမြဲလေ့ကျက်နေသော သူတို့ထံတွင် အကုသိုလ်များ အထုံစွဲ၍နေ၏။ ထို့အတူ ကုသိုလ်အရာတွင် ဒါနသီလ ဘာဝနာအမှုများနှင့် အမြဲလေ့ကျက်နေသောသူတို့တွင် ကုသိုလ်များထုံစွဲ၍ နေ၏။ သေခါနီးကပ်ပြုသော ကံများမရှိလျှင် ထိုကံက အကျိုးပေး၏။ အကယ်၍ သေခါနီးကပ်ပြုသော ကံကလွှမ်းမိုးသွား၍ အကျိုးပေးခွင့်မရခိုက်မှာ ငုတ်လျှိုးနေရပြီး၊ လွှမ်းမိုးမှုမှ လွတ်မြောက်သွားသောအခါ အမြဲတစေ ပြုလုပ်ခဲ့သောကံက အကျိုးပေးပါသည်။
နတ်ဖြစ်ရသော ရဟန်းတစ်ပါး
    ဘုရားရှင်လက်ထက်တွင် အမျိုးကောင်းသား တစ်ယောက်သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းဝတ်၍ ၀ိနည်းသိက္ခာများကို ကောင်းစွာသင်ကြားပြီး (၅)နှစ်တိုင် ဆရာနှင့်နေထိုင်၏။ ထို့နောက် တောထွက်၍ အရဟတ္တဖိုလ်ရရန် ကျင့်ကြံအားထုတ်၏။ အထူးဝိရိယလွန်ကဲစွာ အားထုတ်သောကြောင့် လေနာဖြစ်တော်မူ၏။ ရဟန်းသည် တရားကျင့်ကြံမှုကို လျှော့ခြင်းမရှိ။ အစဉ်အတိုင်းပင် အားထုတ်၏။ တစ်နေ့သောအခါ စင်္ကြံကြွ၍အားထုတ်နေစဉ် ပျံလွန်တော်မူ၍ တာဝတိံသာနတ်ပြည်သို့ရောက်၏။ ရဟန်းသည် နတ်ဖြစ်သည်ကို သတိမမူဘဲ တရားကိုသာ ဆက်လက်အားထုတ်နေ၏။ ဗိမာန်တွင်းရှိ အလုပ်အကျွေး နတ်သမီးတစ်ထောင်တို့သည် မှန်ထောင်ပြ၍ နတ်ဖြစ်နေကြောင်း သိစေ၏။ ရဟန်းက ရွှေတံဆိပ်မှန်းသည့် နပမ်းသမားသည် မုံလာဥတစ်စည်းသာရသကဲ့သို့ ရဟန္တာဖြစ်ရန်ရည်မှန်း၍ တောထွက်တရား အားထုတ်ခဲ့သည်များသည် ယခု နတ်ပြည်သို့သာ ရောက်ရသည်ဟု ဆိုလေ၏။ ဘုရားရှင်လက်ထက်တော်အခါဖြစ်၍ မြတ်စွာဘုရားရှင်ထံ ချက်ချင်းသွားရောက်လျှောက်ထားရာ၊ ဘုရားရှင်က ကမ္မဋ္ဌာန်းတရားဟောပြောပေးသဖြင့် ထိုရဟန်း၏ ပါရမီအားလျော်စွာ သောတာပန်အဖြစ်သို့ရောက်ရှိ၏။ အမြဲတစေ ပြုလုပ်ခဲ့သော ကုသိုလ်ကံက အကျိုးပေးခြင်းဖြစ်၏။
စုန္ဒ ၀က်ထိုးသမား
    ဘုရားရှင်လက်ထက်တော်အခါတွင် ရာဇဂြိုဟ်ပြည်၌ စုန္ဒမည်သော ၀က်ထိုးသမားသည် အလွန့်ရုန်းရင်းကြမ်းကြုတ်၏။ အနှစ်ငါးဆယ်ပတ်လုံး ၀က်များကိုသတ်၏။ သတ်မည့်ဝက်အား မလှုပ်နိုင်အောင် ချည်နှောင်၍ ရိုက်ပြီးလျှင် ပါးစပ်ဟစေရန် ဒုတ်တံတိုဖြင့် ပင့်ထောက်ပြီး ပါးစပ်မှ ရေနွေးများကို လောင်းချ၏။ စအိုမှထွက်လာသော အရည်များဖြူသွားလျှင် မြက်များဖြင့် အမွှေးတို့ကို မီးတိုက် လောင်ကျွမ်းစေပြီးမှ သတ်၏။ ထို စုန္ဒ၀က်ထိုးသမား၏ အိမ်မှ မနီးမဝေးသော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည့် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းတစ်ယောက်ချို၊ ပန်းတစ်ဆုပ်သော်မျှ မလှူဒါန်းဘူးပေ။ အခြားသူများကိုလည်း ပေးကမ်းလှူဒါန်းခဲ့ဖူးခြင်းမရှိ၊ ကြင်နာသနားမှုလည်းမရှိပေ။ တစ်ဘ၀လုံးမည်သည့် ကောင်းမှုမှမရှိဘဲ အကုသိုလ်အမှုကိုသာ ပြုနေလေ၏။ ထိုသူမသေခင်တွင် ငရဲမီးတို့သည် အိမ်အတွင်းဝင်ရောက်သဖြင့် လွန်စွာပူလောင်သောကြောင့် ၀က်၏အသံဖြင့် မြည်တွန် အော်ဟစ်ပြီးလျှင် အိမ်အတွင်းမှ မထွက်နိုင်ဘဲ လေးဘက်ထောက် ပြေးကာ လှည့်လည်၍ ခုနှစ်ရက်ပတ်လုံး ခံစားနေရ၏။ ခုနှစ်ရက်မြောက်နေ့၌ သေလွန်၍ အ၀ီစိငရဲ၌ ဖြစ်လေသည်။ အမြဲတစေပြုလုပ်သော အကုသိုလ် မကောင်းမှု အာစိဏ္ဍ္လကံကအကျိုးပေးခြင်းဖြစ်၏။
ဓမ္မိကဥပသကာနှင့်ရေ၀တီ
    ဖေါ်ပြခဲ့ပြီးသော ဓမ္မိကဥပသကာသည် တစ်သက်ပတ်လုံး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့၏။ သေဆုံးကာနီးတွင်လည်း တရားတော်များ နာကြားပါသဖြင့် အမြဲတစေ ပြုလုပ်သော ကုသိုလ်ကံနှင့်တကွ သေခါနီးပြုလုပ်သော ကုသိုလ်ကံများ၏ အကျိုးကြောင့် နတ်ဖြစ်ရလေ၏။ ရေ၀တီ မိန်းမသည်လည်း တစ်သက်လုံး ပြုလုပ်ခဲ့သော အကုသိုလ်၏ အကျိုးပေးအဖြစ် ငရဲရောက်ရ၏။
(၄) ပြုမိရုံမျှဖြစ်သော ကဋတ္တာကံ
    အမှတ်မထင်ပြုမိသောကံများနှင့် ရှေးဘ၀မှ ကံများဖြစ်သည်။ လွန်စွာအရေးမကြီးသောကံဖြစ်၏။ သို့ရာတွင် ရှေးဖေါ်ပြပါ ကံသုံးမျိုးမရှိလျှင် ဤကံသည် ပဋိသန္ဓေအကျိုးကိုပေး၏။ များသောအားဖြင့် ရှေးဖေါ်ပြပါ ကံသုံးမျိုး လူတိုင်းပင်ရှိကြပါသည်။
သန်းဖြစ်ရသော တိဿမထေရ်နတ်ပြည်ရောက်ခြင်း
    တိဿမထေရ်သည် သင်္ကန်းကို စွဲလမ်း၍ သန်း (၇)ရက်ဖြစ်ရာတွင် (၇)ရက်အတွင်း ကြီးလေးသောကံ၊ သေကာနီးတွင် ပြုသောကံနှင့် အမြဲတစေ ပြလုပ်သောကံများ မရှိခဲ့ပါ။ တိဿမထေရ်ဘ၀တွင် အမြဲတစေ ပြုလုပ်ခဲ့သော ရဟန်းတရားစောင့်ထိန်းခဲ့ခြင်း၊ ၀ိနည်းရိုသေခဲ့ခြင်း၊ အာစိဏ္ဍ္လကံကုသိုလ်များသည် သန်းဘ၀မှ သေဆုံးပြီးနောက် တုသိတာနတ်ဖြစ်သော အကျိုးကိုပေးခြင်းဖြစ်၏။
မလ္လိကာမိဖုရား
    မလ္လိကာမိဖုရားဒေ၀ီသည် မလျော်သောအမှုအတွက် နောင်တပူပန်မှုဖြင့် သေဆုံးရသောကြောင့် ငရဲသို့ (၇)ရက် ရောက်ရ၏။ (၇)ရက်အတွင်း မည်သည့်ကံမျှမရှိခဲ့ပါ။ မလ္လိကာဒေ၀ီဘ၀တွင် နှစ်ပေါင်းများစွာ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်ခဲ့ခြင်း၊ အာစိဏ္ဍ္လကံ ကုသိုလ်များ၊ အသဒိသ အလှူကြီးပေးသော ကုသိုလ်များ၊ အလှူကြီးအား ပြန်ဆင်ခြင် နှလုံးသွင်းမိတိုင်း ၀မ်းမြောက်မှုကုသိုလ် အာစိဏ္ဍ္လကံများသည် ငရဲမှ လွတ်ပြီး တုသိတာနတ်ပြည်တွင် နတ်ဖြစ်ရသော အကျိုးပေး၏။
စွဲလမ်းရာနှင့် လားရာဂတိ
    ဘ၀သစ်လားရာဂတိသည် ကံအကြောင်းတရားများအပြင် စွဲလမ်းတပ်မက်မှု အထူးသဖြင့် ဘ၀ကို စွဲလန်းတပ်မက်မှု (ဘ၀တဏှာ)ကြောင့်လည်း လားရာဂတိများ ပြောင်းလဲတတ်ကြပါသည်။
ပတိပူဇိကာ အမျိုးသမီး
    ဘုရားလက်ထက်တွင် တာဝတိံသာနတ်ပြည်ရှိ မာလာဘာရီနတ်သား၏ နတ်သမီးတစ်ဦးသည် နဒ္ဒ၀န်ဥယျာဉ်၌ ပန်းခူးစဉ် နတ်သက်ကြွေ စုတေသွား၏။ သာဝတ္ထိပြည်တွင် မိန်းကလေးအဖြစ် မွေးဖွား၏။ အတိတ်ဘ၀ကို ပြန်၍သိနိုင်သော ဇာတိဿရဉာဏ် ရရှိသဖြင့် မာလာဘာရီနတ်သားကိုသာ သတိရပြီး၊ နတ်သား၏ နတ်သမီးအဖြစ်ကိုသာ တောင့်တ၍ နတ်သားဆီတွင်ပင် စိတ်ညွတ်၍နေ၏။ ထိုနတ်သားထံ ပြန်ရောက်ရန်အတွက် တောင့်တ၍ဆုတောင်း၏။ လူ့ပြည်တွင် အိမ်ထောင်ကျ၍ သားလေးယောက်ဖွားမြင်၏။ တစ်နေ့၌ အလှူဒါနပြု၍ သီလစောင့်နေစဉ် ညချမ်း၌ သေဆုံးသွားသောအခါ မာလာဘာရီနတ်သား၏ နတ်သမီးဘ၀ကို ပြန်ရပါသည်။ စိတ်ညွတ်ရာ လိုလားတောင့်တရာတွင် သွား၍ ဖြစ်ရခြင်းဖြစ်၏။
    စိတ်ညွတ်သည်ဆိုရာတွင်လည်း စိတ်ညွတ်ရုံ သာမက၊ ဘုရားရှင်နှင့် သံဃာတော်များအား လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း စသော ကိုသိုလ်ကောင်းမှုများကို မပြတ်လုပ်ဆောင်၍ လုပ်ဆောင်တိုင်း လုပ်ဆောင်တိုင်း အရှင်ဖြစ်သောမာလာဘာရီနတ်သားထံတွင်သာ ဤဘ၀မှ ပြောင်းရွှေ့လျှင်ရောက်ရစေရန် အမြဲ ဆုတောင်းသောကြောင့်လည်း ဖြစ်၏။ ကောင်းမှုကံနှင့် စွဲလမ်းစိတ်ညွတ်ရာဘ၀တွင် ဖြစ်ရခြင်းဖြစ်၏။
စွဲလမ်း၍ခွေးဖြစ်ရခြင်း
    အလ္လကပ္ပမြို့တွင် ငတ်မွတ်ခေါင်းပါးသော ဘေးကြီးဆိုက်သဖြင့် ထိုမြို့မှ ကောတုဟလိကနှင့် ကာဠီမည်သော ဇနီးမောင်နှံနှစ်ယောက်သည် ကောသဗ္ဗီပြည်သို့ ထွက်ပြေးလာကြ၏။ ထိုအချိန်တွင် ပစ္စည်းဥစ္စာပြည့်စုံသော နွားမွေးသူတစ်ဦးသည် နို့စားနွားမ အကြောင်းပြု၍ နို့ညှစ်မင်္ဂလာပြု၏။ နေ့စဉ် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို ဆွမ်းကျွေး၍ မင်္ဂလာပွဲကိုပြုလုပ်၏။ ထိုစဉ်တွင် ခရီးစဉ်အတိုင်း လာသော ဇနီးမောင်နှံအားမြင်လျှင် သနားသဖြင့် များစွာသော ထောပတ်နှင့် နို့ထမင်းကိုပေး၏။ နွားမွေးသူသည် မိမိကိုယ်တိုင်လည်းစားသောက်၏။ အနားတွင်ရှိသော မွေးထားသည့် ခွေးမအားလည်း ကျွေး၏။ ဇနီးမောင်နှံနှစ်ယောက်အနက် ခင်ပွန်းသည် အစားကောင်းစားနေရသော ခွေးမလေးအားကြည့်ရင်း “ဒီအိမ်တွင် ခွေးဖြစ်ရတာ ကံကောင်းလိုက်တာ၊ ဒီခွေးလေး ဒီလို အစားကောင်းတွေ နေ့စဉ်စားနေရမှာပဲ”ဟု တွေးမိပြီး၊ ခွေးမလေး၏ ဘ၀ကို အားကျတောင့်တမိသည်။ ထိုသူသည် အစာမစားရသည်မှာ ကြာပြီဖြစ်၍၊ အားပါးတရများစွာ စားလိုက်သဖြင့် အစာမကြေဘဲ ထိုည၌ ထိုအိမ်တွင်ပင် ကွယ်လွန်သွား၍ ထိုခွေးမလေး၏ ၀မ်းတွင်ဝင်စားပြီး ခွေးမလေး၏ သား ခွေးလေးဖြစ်သွားသည်။ အစာလောဘနှင့် ခွေးဘ၀အားကျမိ၍ ခွေးဖြစ်ရခြင်းဖြစ်၏။
ဗိမ္ဗိသာရမင်းကြီး
    ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား လွန်စွာကြည်ညို၏။ ဝေဠုဝန်ကျောင်းတော်ကြီး၏ ဒါယကာလည်းဖြစ်၏။ ဘုရားရှင်၏ တရားတော်ကို ဘုရားရှင်အဖြစ် ရောက်တော်မူခါစကပင် နာကြားရ၍ သောတာပန်တစ်ဦးဖြစ်၏။ သားတော်အဇာတသတ်မင်းလုပ်ကြံ၍ ရတနာသုံးပါးနှလုံးသွင်းလျက်ပင် ကံတော်ကုန်ရာ၊ စတုမဟာရာဇ်နတ်ပြည် ဝေဿ၀ဏ်နတ်မင်းကြီး၏ အလုပ်အကျွေး ဇန၀သဘမည်သော နတ်သားဖြစ်၏။ မင်းကြီး၌ များစွာသော ကောင်းမှုရှိ၍ အထက်ထက် နတ်ပြည်တို့၌ ဖြစ်ရန်စွမ်းနိုင်၏။ သို့ရာတွင် ရှေးခုနစ်ဘ၀ဆက်ကာ စတုမဟာရာဇ်နတ်ပြည်၌ နေဖူး ဖြစ်ဖူးသောကြောင့် ထိုဘ၀၌ တပ်မက်သောစိတ်အားကြီး၍ စတုမဟာရာဇ်နတ်ပြည်တွင်ပင် ဖြစ်ရသည်။
    ယခုခေတ်တွင်လည်း စိတ်ညွတ်ရာ၊ လိုလားတောင့်တရာ ဘ၀တဏှာက ရောက်လိုရာဘ၀ကို ရောက်ကြကြောင်း သာဓကများစွာ ရှိကြပါသည်။ အထူးသဖြင့် လူဝင်စားများသည် မိမိတို့၏ဆွေမျိုး ခင်မင်ရင်နှီးသူများထံ ၀င်စားကြပါသည်။ ထိုသို့ဖြစ်နိုင်ရန် စွဲလမ်းစိတ်ညွတ်မှုအပြင် ကောင်းမှုကုသိုလ်လည်း ရှိကြရပါမည်။ ဂတိကောင်းစေရန်အတွက် အလွဲလွဲ အမှားမှား မစွဲလမ်းမိစေရန်လည်း အရေးကြီးပါသည်။
ကွယ်လွန်ခါနီးပြုပြင်ပေးပုံ
    “သေသည်”ဆိုရာတွင် သေဆုံးရုံဖြင့် မပြီးသေးပေ။ ဘ၀သစ်၌ တစ်မျိုးတစ်ဖုံဖြစ်ရန်အတွက် သေရခြင်းဖြစ်သောကြောင့် ဘ၀သစ်၌ အဖြစ်လှရန် အရေးကြီးပေသည်။ ယခုဘ၀သေရေးထက်ပင် အရေးကြီး၏။ ဘ၀သစ်ကောင်းကို ရရှိရန် သေခါနီးအချိန်တွင် ကပ်၍ပြုသောကံများသည် လွန်စွာအရေးပါသဖြင့် ကွယ်လွန်ခါနီးသူ စိတ်ဓာတ်ကြည်လင်စွာဖြင့် အာရုံကောင်းထင်၍ သေဆုံးနိုင်ရန် ဆရာကောင်း သမားကောင်း၊ ဆွေကောင်း၊ မျိုးကောင်း၊ မိတ်ဆွေကောင်းများက ပြုပြင်ပေးကြရပါမည်။
ပြုပြင်ပေးမည့်သူ (ကူညီပေးမည့်သူ)
    ကွယ်လွန်ခါနီးသူအား အကောင်းဆုံး ကူညီခြင်းသည် ထိုသူ စိတ်ငြိမ်းချမ်းမှုရရှိရန်နှင့် အကောင်းမြင်နိုင်ရန် ဖြစ်သည်။ ကြောက်ရွံထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်မှသာ သံယောဇဉ် တွယ်တာမှုကင်းမှသာ စိတ်ငြိမ်းချမ်းမှု ရရှိမည်ဖြစ်၏။ အခြားတစ်ယောက်အား ကူညီမည့်သူသည် ရှေးဦးစွာ မိမိကိုယ်တိုင် ထိုတရားများကို ပယ်ရှားထားရမည်။ ထိုတရားများ မ၀င်ရောက်လာအောင် မိမိကိုယ်တိုင် ဦးစွာငြိမ်သက်အေးချမ်းမှုရှိနေအောင်နေပါ။ ကြင်နာသည့် အမူအရာအားပေးထောက်ကူမည့် အမူအရာရှိနေရန် ကြိုးစားပါ။ စိတ်လှုပ်ရှားနေသည့် အမူအရာများကို ရှောင်နိုင်သမျှရှောင်ပါ။ ကွယ်လွန်ခါနီးသူ ပြောလိုသော စကားများကို လိုလိုလားလား နားထောင်ပေးပါ။
ပြုပြင်ပေးပုံ
၁။    လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ပေးရမည်။
၂။    ကွယ်လွန်ခါနီးသူအား တစ်သက်ပတ်လုံး လုပ်ဆောင်ခဲ့သော ကောင်းမှုကုသိုလ်များအား အမှတ်သတိပေးရမည်။ ဖြစ်နိုင်ပါက ရက်စွဲနှင့်တကွ ထူးခြားသော ကုသိုလ်အမှု (ဒါန၊ သီလ၊ ဘာဝနာ) စာရင်းကို မှတ်သားထား၍ သတိပေးသည့် အနေဖြင့် ဖတ်ပြပါ။ ၀မ်းမြောက်ဝမ်းသာ နှလုံးသွင်းနိုင်ရန် ပြောကြားပေးပါ။
၃။    ဗုဒ္ဓဆင်းတုတော်ကိုလည်း ထိုသူမြင်သာသောနေရာတွင်ထားပေးပါ။ နှလုံးသွင်းနိုင်ရန် ဂုဏ်တော်များကို သတိပေးနှိုးဆော်သည့်အနေဖြင့် ပြောကြားပေးရမည်။ ဂုဏ်တော်တစ်ပါးကို ဖြစ်စေ၊ ဂုဏ်တော်များကို ဖြစ်စေ ရွတ်နိုင်လျှင် ဖြည်းညှင်းစွာ ရွတ်ဆိုနေပါစေ၊ စိတ်ဖြင့်ရွတ်ဆိုနေပါရန် သတိပေးခြင်းပြုပေးရပါမည်။
၎။    ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအား အမြဲဦးထိပ်ထားရန် အားပေးပြောကြားခြင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ရတနာသုံးပါးကို အမြဲမပြတ်နှုတ်မှဖြစ်စေ၊ စိတ်တွင်း၌ဖြစ်စေ၊ ရွတ်ဆိုမိစေရန် အားပေးတိုက်တွန်းခြင်း ပြုပေးရပါမည်။
၅။    ကွယ်လွန်ခါနီးသူအား ကိုယ်တိုင် ကုသိုလ်ပြုနိုင်ရန် ဖန်တီးပေးရပါမည်။
    က။ သူနားလည်းသော သူကြိုက်နှစ်သက်သော ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခြင်း။
    ခ ။ နှစ်သက်နာယူလိုသော တရားတော်များကို ဟောပြောပေးခြင်း သို့မဟုတ် တရားတိတ်ခွေများ ဖွင့်ပေးခြင်း၊ ပရိတ်တော်များ နာကြားရသဖြင့် ထိုသူနှင့်တကွ မိသားများပါ ကုသိုလ်စိတ်များစေ၏။
    ဂ ။ ရဟန်းသံဃာများအား ဖိတ်ကြား၍ ဆွမ်းကျွေးခြင်း၊ လှူဒါန်းခြင်း၊ တရားတော်များ ရွတ်ဖတ်စေခြင်း၊ အခြားအလှူများပြုလုပ်ခြင်း၊ ထိုသူကိုယ်တိုင် ပြုလုပ်နိုင်ပါက ထိုသူအား အသိပေး လုပ်ဆောင်ခြင်း၊ အတူတကွ အမျှဝေခြင်း။
    ဃ။ ထိုသူကိုယ်စား ဘုရားတွင် ဘုရားစင်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ပူဇော်ကပ်ပေးခြင်း၊ ဤသို့ ပြုလုပ်နေသည်ကို အသိအမှတ်ပြောကြားပေးခြင်း၊ လှူဒါန်းမှုများကို ပြုလုပ်ပေးနေပါသည်။ ပူဇော်ထားပါသည်။ “ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောပေး သတိပေးရမည်။ သို့မှသာ ထိုသူသည် ငါကောင်းမှုပြုခဲ့ပေပြီဟု ၀မ်းမြောက်ဝမ်းသာဖြစ်လာပါမည်။ ကောင်းသောဂတိကိုလည်း ရရှိပါမည်။
၆။    အကယ်၍ ထိုသူသည် ဘာဝနာပွားများခဲ့ဖူးသူ ဖြစ်ပါက မိမိပွားနေကျ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတို့ကို မမေ့မလျော့ ပွားများစေရန် နှိုးဆောတိုက်တွန်းပေးရမည်။
၇။    ရဟန်းတော်ကြီးများအား ထိုသူအား မေတ္တာတရားပွားများပေးပါရန် လျှောက်ထားတောင်းပန်ခြင်း၊ ဓမ္မမိတ်ဆွေတို့တွင် မေတ္တာဘ၀နာ ပွားများသူဖြစ်လျှင် ထိုသူအားလည်းကောင်း၊ မိမိကိုယ်တိုင်လည်းကောင်း၊ ကွယ်လွန်ခါနီးသူအား မေတ္တာတရားပွားများပေးရမည်။
၈။    စိုးရိမ်သောကအား ပယ်ရှားပေးခြင်း
    က။ ကွယ်လွန်ခါနီးသူအား ချစ်ခင်သူများနှင့် ပိုင်ဆိုင်မှုများအား မစွဲလမ်းစေရန် ကူညီဖျောင်းဖျပေးရမည်။
    ခ ။ မိမိပြုလုပ်ခဲ့သော မကောင်းသော အမှု အသေးအဖွဲမှစ၍ နောင်တ ပူပန်မှုမဖြစ်မိအောင် ကူညီဖျောင်းဖျပေးရမည်။
    ဂ ။ ကွယ်လွန်ခါနီးသူ အနီးအပါးတွင် ချစ်ခင်သော ဆွေမျိုး၊ မိတ်သင်္ဂဟများ ပူဆွေးငိုကြွေးခြင်းမပြုစေရန် ပြောဆိုပေးရမည်။
    ဃ။ ကွယ်လွန်ခါနီးသူ၏ မျိုးဆက်များမှ တွယ်တာသူများမှ ကလေးငယ်များ၏ ငိုသံ (အသံ)တို့ မကြားမိစေရန် သတိထားရမည်။
    င ။ မဖွယ်ရာသောအသံ တိရစ္ဆာန်တို့၏ အသံများ မကြားရန် မမြင်ရန်စေရန် သတိထားပေးရမည်။
    စ ။ ကွယ်လွန်ခါနီးသူ တွေ့ဆုံလိုသူ၊ မှာကြားလိုသည်များကို ထိုသူ၏ ဆန္ဒပြည့်အောင် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရမည်။
    သို့မှသာ ကွယ်လွန်ခါနီးသူတို့ တွယ်တာမှု စိုးရိမ်သောကကင်းဝေးစွာ အစွဲအလမ်းမမှား စိတ်ဖြောင့်စွာ သေဆုံးနိုင်ပေမည်။
မိဘဆွေမျိုးသားသမီးများ
    မိဘဆွေမျိုးသာသမီး၊ အိမ်သူအိမ်သားများကလည်း ကွယ်လွန်ခါနီးသူ စိတ်အေးချမ်းစွာ သေဆုံးနိုင်ရန်အတွက် အိမ်အတွင်း အေးချမ်းသန့်ရှင်းစွာ ရှိနေစေခြင်း၊ တတ်နိုင်သမျှ ကောင်းမှုကုသိုလ်များ လုပ်ပေးခြင်း၊ အထူးသဖြင့် ဘုရား၊ ဘုရားစင်တွင် ပန်းများ၊ အမွှေးနံ့သာများနှင့် ထုံမွမ်းစေခြင်း၊ ဆီမီးများ ထွန်းထားပေးခြင်း၊ တရားပူဇော်ရွတ်ဖတ်မှုများကို နာယူနိုင်သည်အထိ ပြုလုပ်ပေးခြင်းကို ရက် အသင့်အတင့် ရှည်ကြာစဉ်ကပင် ပြုလုပ်ပေးရမည်။ ပူဆွေး ငိုကြွေးမှု မရှိစေရန် ဆူဆူညံညံမရှိစေရန် အထူးသတိပြုရမည်။ မိမိချစ်ခင်သူတစ်ဦး ခရီးဝေးသွားလျှင် ထိုသူခရီးစဉ်နှင့် ခရီးဆုံးတွင် အစစအဆင်ပြေစေရန် တတ်အားသမျှ လုပ်ဆောင်ပေးသကဲ့သို့ တမလွန်ဘ၀သို့ သွားရောက်တော့မည့်သူအတွက် ကုသိုလ်များနိုင်သမျှ များများပါသွားစေရန် ပြုလုပ်ဆောင်ရွက်ပေးကြရမည်။ “သေသူသည် ဆွေမျိုးများနှင့် တစ်ဖန်ပြန်၍ မတွေ့ရတော့မည်သူ” ဖြစ်သောကြောင့် ထိုသူအတွက် ကြောင့်ကြစိုက်ကာ များစွာ အလေးပေးဆောင်ရွက်ရပေမည်။
ကွယ်လွန်ခါနီးသူ
    အရေးကြီးဆုံးမှာ ကွယ်လွန်ခါနီးသောသူ ကိုယ်တိုင်ဖြစ်၏။ ကွယ်လွန်ခါနီးသူကလည်း သေခြင်းတရားကို လက်ခံနိုင်ရမည်။ ဘ၀ပေါင်းများစွာက သေဆုံးလာခဲ့ပြီးဖြစ်၏။ သေခြင်းတရားသည် လွှဲရှောင်၍မရ၊ လက်မခံ၍မရသည့် သဘောတရားဖြစ်သည်။ ကံအားလျော်စွာ ယခုဘ၀ရောက်ရှိလာသကဲ့သို့ ကံအားလျော်စွာပင် ယခုဘ၀မှ ထွက်သွားရမည်ကို သတ္တိနှင့် သတိရှိစွာ လက်ခံနိုင်ရပါမည်။
    မိမိသည် သေနိုင်လောက်မည့် ရောဂါရနေပြီ ဖြစ်သည်ဟုမှန်းမိလျှင် သေနိုင်လောက်သည့် အရွယ်သို့ ရောက်နေပြီကို သိလျှင်ပိုင်ဆိုင်မှုများအား မည်သို့ဖန်တီးစေချင်သည်။ မိမိသေဆုံးလျှင် မည်သို့ဆောင်ရွက်စေလိုသည်များကို သင့်လျော်သူကို မှာကြားထားခြင်း သို့မဟုတ် ရေးသားထားခြင်းများ ပြုလုပ်ထားသင့်သည်။ သို့မှာသာ စိတ်အေးချမ်းရာရပါမည်။
    ဘ၀တစ်ခုသည် တွေ့ကြုံလာခဲ့သည့် သံသရာတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ခရီးရှည်သွားရာ၌ သစ်ပင်ရိပ်အောက်တွင် ခဏတွေ့ဆုံရသကဲ့သို့ ယခုဘ၀ ဆွေမျိုးသားချင်း၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ အိမ်သူအိမ်သားများနှင့် ကြုံတွေ့ရခြင်းမျှသာဖြစ်၍ တတ်နိုင်သမျှ သံယောဇဉ်ပြတ်ထားရမည်။ အခြားသူများက မိမိအား ကုသိုလ်ပွားရန် ပြုလုပ်ပေးနေသည်များကို ၀မ်းမနည်းရပါ။
    မိမိပြုလုပ်ခဲ့မိသော မကောင်းမှုအကုသိုလ် အသေးအဖွဲမှအစ စိတ်တွင် အမှတ်ရ နောင်တပူပန်မှုကို မဖြစ်စေဘဲ မေ့ပျောက်ထားရမည်။ မိမိပြုခဲ့ပြီးသော ကုသိုလ်ကောင်းမှုများကို သတိရ ဆင်ခြင်ရမည်။ ဤကောင်းမှုများသည် ဂတိကောင်းကိုဖြစ်စေပြီး၊ နောင်ဘ၀ကို အထောက်အပံ့ ကောင်းဖြစ်မည်ဟု ယုံကြည်ဝမ်းမြောက်ရမည။ ကောင်းမှုကုသိုလ်များကို တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ လုပ်ဆောင်ပေးနေမှုများကိုလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမည်။ ကုသိုလ်အာရုံသို့ ရောက်နေရန် သတိထားရမည်။
    ဘုရား၊ တရား၊ အာရုံ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများ ပွားနိုင်ပါလျှင် ပွားများနိုင်ရန်လည်း စိတ်ညွှတ်ထားသင့်ပါသည်။
သေဆုံးခြင်းအယူအဆ
    မိမိတို့၏ မိဘရိုးရာအရပ်ဒေသ ဘာသာဝါဒအားလျော်စွာ သေဆုံးခြင်းကို အမျိုးမျိုး၊ အဖုံဖုံ ယူဆကြပါသည်။ ဗုဒ္ဓ၏တရားတော်အရ မှားသော အယူအဆကြီး နှစ်မျိုးရှိ၏။
၁။ တည်မြဲအယူမှား၊ သဿတဒိဋ္ဌိ
    သတ္တ၀ါတို့၏ ၀ိညာဉ် (အသက်ကောင်၊ အတ္တ)သည် တည်မြဲသည်ဟု အယူမှားဖြစ်သည်။ သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးသွားသောအခါ ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကြီးသည် အသုဘကောင်အဖြစ် ဤဘ၀တွင်ကျန်ခဲ့၏။ ၀ိညာဉ်သည် ဘ၀သစ်တစ်ခုသို့ ကူးပြောင်းသွားပြီး ဘ၀သစ်၌ ဖြစ်သည်ဟု ယူဆခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဘ၀ဟောင်းခန္ဓာအိမ်အသစ်လဲကာ ဘ၀သစ်၌ ပြောင်းရွှေ့၍ဖြစ်သည်။ မပြတ်မစဲ အသက်ကောင်လေး မြဲသည်ဟု ယူဆသော အယူမှားဖြစ်၏။ မပျက်မစီးဘဲ အမြဲတည်နေသော အတ္တ၊ အသက်၊ ၀ိညာဉ်က တစ်ဘ၀ပြီး တစ်ဘ၀ကူသွားသည်ဆိုသော အယူအဆဖြစ်သည်။
၂။ ပြတ်စဲအယူမှား၊ ဥစ္ဆေဒဒိဋ္ဌိ
    သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးလျှင် ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကိုယ်နှင့် ၀ိညာဉ်နှစ်ခုလုံးသည် ဤဘ၀ဟောင်းမှာပင် အပြီးအတိုင် ချုပ်ပြတ်သွားကြသည်။ နောက်ဘ၀၌ဖြစ်သော ပုဂ္ဂိုလ်သတ္တ၀ါသည် အသစ်တစ်ယောက်ဖြစ်သည်ဟု ယူဆသောအယူဖြစ်သည်။ ဘ၀ဟောင်းက ရုပ်နာမ်ခန္ဓာအားလုံးသည် (အသက်ကောင်၊ အတ္တနှင့်တကွ) ဘ၀သစ်၌ လုံးဝ အဆက်အစပ် မရှိတော့ပါ။ သတ္တ၀ါတစ်စုံတစ်ယောက်သေလျှင် ဘ၀ဟောင်းနှင့် အားလုံးပြတ်၏။ တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်းမရှိဟူသော အယူဖြစ်သည်။
    ထိုအယူမှားကြီးနှစ်မျိုးအပြင် ဘ၀ဟောင်း ချုပ်ပြတ်ရာ ဘ၀သစ်မကူးမီ ကြားကာလ အချိန်အတွင်း ခေတ္တဘ၀တစ်ခုရှိသေးသည်ဟူသော အယူအဆဖြစ်သည်။ ဤအယူကို အချို့သော ဗုဒ္ဓဘာသာဝင်တို့ပင် လက်ခံကြ၏။
ကြားခံဘ၀အယူမှား အန္တရာဘ၀ဒိဋ္ဌိ
    လူသည် သေဆုံးပြီးနောက် ရောက်ထိုက်သော ဘ၀သို့ရောက်ရန် အခြေအနေ မပေးသေးလျှင် သေသူ၏ အသက် ၀ိညာဉ်သည် သရဲ၊ တစ္ဆေအဖြစ်နှင့် သင်းချိုင်းတွင် တောထဲတွင် လှည့်လည်သွားလာနေရသည်။ သူ့အိမ်၊ သူ့ပစ္စည်းဥစ္စာ၊ သူ့မိသားစု စသည်အနီးအနား သွားလာနေကြသည်။ တစ်ခါတစ်ရံ ကိုယ်ထင်ပြသည်။ တစ်ခါတစ်ရံ အသံပေးသည်ဟု ယူဆကြသည်။ များသောအားဖြင့် သေသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်းတွင် သူရောက်ထိုက်သော ဘ၀ကို မရောက်သေးဘဲ သူရဲ၊ တစ္ဆေ၀ိညာဉ် ဘ၀နှင့် သွားလာနေကြရသည်ဟု ယူဆစွဲလမ်းကြပါသည်။ သေသူ၏ ၀ိညာဉ်ကို ရည်စူးပြီး ရက်လည် ဆွမ်းသွတ်ခြင်း၊ သပိတ်သွတ်ခြင်းစသော ဒါနကောင်းမှုများပြု၍ အမျှအတန်းဝေမှသာလျှင် ထိုဝိညာဉ်ကလေး ကျွတ်လွတ်ပြီး သူရောက်ထိုက်သော ဘ၀သို့ ရောက်သွားသည်ဟု ယူဆကြခြင်းဖြစ်၏။
ဗုဒ္ဓ၏ တရားတော်အရ ဘ၀သစ်ဖြစ်ပုံ
    ဗုဒ္ဓအဘိဓမ္မာသဘောအရ သတ္တ၀ါတစ်စုံတစ်ဦး သေဆုံးသောအခါတွင် ရုပ်နှင့် စိတ်နာမ်ပါ ချုပ်ငြိမ်းပျက်စီးသွား၏။ ယခု ဘ၀တွင် ပြုလုပ်ခဲ့သော စွဲလမ်းတပ်မက်မှုနှင့် ကံစသော အကြောင်းတရားများကြောင့် နောင်ဘ၀တွင် အကျိုးတရားအနေဖြင့် ရုပ်သစ်စိတ်သစ်၊ ဘ၀သစ်ဖြစ်ပါသည်။ ဘ၀ဟောင်းရုပ်၊ စိတ်နာမ်ချုပ်ငြိမ်း၍ ဘ၀သစ်ဖြစ်ခြင်းသည် စက္ကန့်မျှမကြာသော အချိန်အတွင်းတွင် ဖြစ်ပါသည်။ ထို့ကြောင့် ရှေးဘ၀သေစိတ်ချုပ်ပျက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဘ၀၏အစ ပဋိသန္ဓေစိတ်ချက်ချင်းဖြစ်၏။ နောင်ဘ၀ ပဋိသန္ဓေနေရခြင်းကို ပဲ့တင်သံ၊ မှန် စသည် ဥပမာအားဖြင့် ဖေါ်ပြကြပါသည်။
ပဲ့တင်ဥပမာ
    တောတောင်၊ လှိုဏ်ခေါင်းများအတွင်း၌ အော်ဟစ်သောအသံသည် တောင်နံရံ၊ လှိုဏ်နံရံများနှင့် ထိခိုက်သောအခါ ပဲ့တင်သံများကိုပြန်ကြားရ၏။ ထိုပဲ့တင်သံသည် မူလအော်သော လူ၏ အသံလည်းမဟုတ်။ လူ့အသံနှင့် ကင်း၍ အလိုအလျောက်ဖြစ်ပေါ်လာသော အသံလည်းမဟုတ်ပေ။ မူလအသံကြောင့် ဖြစ်ပေါ်လာသော ပဲ့တင်သံကဲ့သို့ ယခုဘ၀မှ ကံစသော အကြောင်းများကြောင့် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်သည်။ မူလအော်သောအသံသည် ယခုဘ၀မှ ကံစသော အကြောင်းများနှင့် တူသည်။ ပဲ့တင်သံသည် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူသည်။
မှန်ဥပမာ
    ကိုယ်လုံးပေါ်မှန်ရှေ့၌ လူတစ်ယောက်သွားရပ်လိုက်သောအခါ ထိုလူ၏ အရိပ်သည် မှန်ထဲ၌ သွားထင်လေသည်။ မှန်ထဲ၌ ထင်သောအရိပ်သည် ရပ်နေသော လူလည်းမဟုတ်ပေ၊ ထိုလူနှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။ ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော အရိပ်ကဲ့သို့ ယခုဘ၀မှ ကံ စသောအကြောင်းများကြောင့် နောက်ဘ၀သစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်ပေသည်။ မှန်ရှေ့၌ ရပ်နေသောသူသည် ယခုဘ၀မှ ကံ စသော အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်သည် နောက်ဘ၀သစ်၌ ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူပေသည်။
    ထို့ကြောင့်ပင် ရှေးကံကောင်းလျှင် ယခုဘ၀ရုပ်နာမ်ကောင်း၏။ ရှေးကံညံ့လျှင် ယခုဘ၀ ရုပ်နာမ်ညံ့၏။ ဤ ဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ ရှေးဘ၀က ပြုလုပ်သော ကံ၊ ဤဘ၀ဉာဏ်၊ ၀ိရိယတို့ကြောင့်သာဖြစ်သည်။
    သေဆုံးပြီးနောက် ပထမဆုံးဖြစ်သော ရုပ်၊ စိတ်နာမ်တို့ကို “ပဋိသန္ဓိ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေ၊ ရုပ်၊ စိတ်နာမ်များသည် ကံကြောင့် ဖြစ်ရသောကြောင့် ကံအမျိုးမျိုးလိုက်၍ ဥပပါတ် ပဋိသန္ဓေ၊ သံသေဒဇပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု လေးမျိုးရှိ၏။
၁။ ဥပပါတ် ပဋိသန္ဓေ
    ခန္ဓာကိုယ်အထင်အရှားဖြစ်သော ပဋိသန္ဓေဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာ၊ အသူရကာယ်တို့သည် ဥပပါတ်ပဋိသန္ဓေဖြစ်၍ မိခင်ဝမ်းတွင်း၌ အောင်းဖွယ်မလို၊ ပဋိသန္ဓေ ရုပ်၊ စိတ်နာမ်များဖြစ်သည်နှင့် တစ်ပြိုင်နက် သူတို့နေရမည့် ဗိမာန်၊ တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာ၊ ကမ်း စသော အရပ်များ၌ သူတို့၏ နဂိုအရွယ်အတိုင်း အထင်အရှားဖြစ်၏။
၂။ သံသေဒဇပဋိသန္ဓေ
    ငြိတွယ်၍ဖြစ်လောက်သောအရပ်၌ ကပ်ငြိတွယ်၍ဖြစ်ရသော ပဋိသန္ဓေဖြစ်၏။ အလွန်သေးငယ်သော အရွယ်မှစ၍ တဖြည်းဖြည်း ကြီးလာရ၏။ ပိုး၊လောက်စသော သတ္တ၀ါများ မစင်ပုပ်၊ ငါးပုပ်စသော အရာဝတ္ထုများတွင် ငြိတွယ်၍ ဖြစ်ကြရ၏။
၃။ အဏ္ဍဇပဋိသန္ဓေ
    အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက်၊ ငှက် စသော သတ္တ၀ါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တ၀ါများ ဖြစ်၏။
၎။ ဇလာဗုဇပဋိသန္ဓေ
    အမိဝမ်းတွင်းသားအိမ်၌ ဖြစ်ကြရသော လူ၊ မြင်း၊ ကျွဲ၊ နွား စသော သတ္တ၀ါတို့သည် ဇလာဗုဇ ပဋိသန္ဓေ နေရသော သတ္တ၀ါများဖြစ်သည်။ ဘုမ္မစိုး၊ ရုက္ခစိုး ဟုခေါ်သော အောက်နတ်တို့တွင် အချို့နတ်များသည် ဇလာဗုဇပဋိသန္ဓေ နေကြရ၏။
    ထို့ကြောင့် ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်အရ သတ္တ၀ါတစ်ဦးသေဆုံးလျှင် ဆုံးချင်း နောင်ဘ၀အသစ် တစ်ခု စက္ကန့်မဆိုင်းဘဲ မိမိ၏ ကံအားလျော်စွာ ပဋိသန္ဓေတည်ဖြစ်ကြရသည်။
သေသူတို့အပေါ်အယူအဆ
    လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏ သင်းချိုင်းမြေပုံပေါ်မှ  မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍ အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင် ရှိနေသည့် သဘောသက်ရောက်ပါသည်။
    အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍ ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏ ၀ိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ် ဖြစ်နေပါသည်။
    အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန် တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။
    ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍ အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊ သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။
    သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင် ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင် ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏ ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည် သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊ ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းကောင်း၊ အသက်ရှင်စဉ်တွင်ပြုသည့် ၀တ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ ၀ိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ၍ သတိထားလုပ်ဆောင်ကြရပါမည်။
သရဏဂုံတင်ခြင်း၊ ဆွမ်းကျွေးသပိတ်သွတ်ခြင်း
    လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ ယေဘူယျအားဖြင့် သက်ပျောက်ဆွမ်းကပ်ခြင်းကို သေဆုံးပြီးစအချိန်တွင် (နံနက်ပိုင်းတွင်) ပြုလုပ်၏။ သရဏဂုံတင်ခြင်းကို အသုဘ ချခါနီး (ချမည့်နေ့)တွင် ပြုလုပ်၏။ ဆွမ်းကျွေးသပိတ်သွတ်ခြင်း သို့မဟုတ် ရက်လည်ဆွမ်းကျွေးခြင်းကို သေဆုံးပြီး (၇)ရက်ပြည့်သည့်နေ့တွင် ပြုလုပ်လေ့ရှိ၏။ ထိုသို့ပြုလုပ်သည့်အခါတိုင်းတွင် အောက်ပါတို့ပါဝင်ပါသည်။
၁။    သြကာသဖြင့် ကန့်တော့ခြင်း
၂။    သရဏဂုံနှင့် သီလတောင်းခြင်း
၃။    သရဏဂုံဆောက်တည်ခြင်း
၎။    သီလခံယူခြင်း
၅။    ကွယ်လွန်သူအား ရည်စူး၍ လှူဖွယ်ဝတ္ထုလှူဒါန်းခြင်း
၆။    ကွယ်လွန်သူ၊ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ ကုသိုလ်တို့ကို အမျှဝေခြင်း။
    ဤအဆင့်ဆင့်တို့သည် ကွယ်လွန်သူအား ရည်မှန်း၍ အလှူရှင်များပြုလုပ်ကြသည့် သရဏဂုံတည်ခြင်း ကုသိုလ် သီလကုသိုလ်၊ ဒါနကုသိုလ် အမျှဝေခြင်း ကုသိုလ်တို့ဖြစ်ကြ၏။ အားလုံးသည် အလှူရှင်တို့၏ ကုသိုလ်များဖြစ်ကြ၏။ ကွယ်လွန်သူသည် ဤကုသိုလ်များကို သာဓုခေါ်နိုင်မှာသာလျှင် ဤကုသိုလ်အဖို့တို့ကို ရရှိနိုင်၏။
သရဏဂုံတင်ခြင်း
    သရဏဂုံသည် “ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သောစိတ်” ဖြစ်သည်။ စိတ် (နာမ်)မရှိတော့သော လူသေအလောင်းကို သရဏဂုံတင်ပေး၍မရပါ။ သို့သော် လူသေအလောင်းကို သရဏဂုံတင်သည်ဟု အချို့ထင်မှတ်ခြင်းသည် မျက်မြင်ကြည့်၍ တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူသည့် သဘောဖြစ်၏။ အမှန်မှာ ကျန်ရစ်သူဆွေမျိုးများက သရဏဂုံဆောက်တည်၍ ဒါန၊ သီလ အစရှိသောကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ကွယ်လွန်သူ၏ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ အမျှဝေခြင်း၊ ကုသိုလ်ပေးဝေခြင်းသာဖြစ်သည်။
ရက်လည်ဆွမ်းသွတ်ခြင်း
    သေဆုံး၍(၇)ရက်မြောက်တွင် ပြုလုပ်သည့် ဆွမ်းကျွေးလှူဒါန်းမှုကို သပိတ်သွတ်ခြင်း၊ ရက်လည်ဆွမ်းကျွေးခြင်း၊ ရက်လည်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းကို အချို့သူတို့သည် သေဆုံးသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်း သူရောက်ရှိမည့်နေရာသို့ မရောက်သေးဘဲ ထို ၀ိညာဉ်ကျွတ်လွတ်စေရန် အမှတ်ဖြင့် ပြုလုပ်ကြသည်။ အမှန်တွင် အကယ်၍ သေသူသည် ပြိတ္တာဘ၀တွင်၊ ရုပ်၊ စိတ်နာမ် အသစ်ဖြစ်ပြီး ဘ၀သစ်များရနေပါက သေသူကိုရည်စူး၍၊ ပြုလုပ်သော ဆွမ်းသွတ်ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်နိုင်ပြီး၊ စည်းစိမ်ချမ်းသာများ ရပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွမ်းသွတ်ကြရပါသည်။
    ဤသို့ ကုသိုလ်အမှုများပြုလုပ် အမျှဝေခြင်းကို ရက်လည်အောင် ဆိုင်းငံ့မနေဘဲ၊ သေဆုံးသည့်နေ့မှစ၍ နေ့စဉ်၊ တတ်အားသရွေ့ ကုသိုလ်အမှုများပြု၍ အမျှဝေနိုင်လျှင် အလွန်ကောင်းပါသည်။ ထိုသို့လှူဒါန်းရာ၌ ဆွမ်းသာမက၊ သင်္ကန်း၊ ရေ စသည်တို့ပါဝင်လျှင် ကောင်းပါသည်။
အမျှဝေခြင်း
    ကွယ်လွန်သူဆွေမျိုးများကို ရည်မှန်းလျက် လှူဒါန်းအမျှဝေရာ၌ သေသူသည် ငရဲကျရောက်သော်လည်းကောင်း၊ တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း၊ လူ့အမိဝမ်း၌ဖြစ်ရသော်လည်းကောင်း၊ နတ်၊ ဗြဟ္မာ ဖြစ်ရသော်လည်းကောင်း၊ ဤလှူဒါန်းသော ကုသိုလ်ကို ထိုသူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း ထိုသူတို့တွင် အကျိုးထူး မရကြပါ။ သို့သော် လှူဒါန်းသူဆွေမျိုးများ၏ ဒါနကုသိုလ် ဖြစ်ကြပါသည်။
    ကွယ်လွန်သူသည် မိမိအိမ်ရွာ၊ မြို့အနီးအပါး၊ အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း၊ တစ္ဆေ၊ သရဲ)ဖြစ်နေလျှင်၊ ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း၊ သင်္ကန်းစသည်တို့ကို လှူဒါန်း၍ ဤအလှူသည် သွားလေသူ (အမိ၊ အဖ၊ ဆွေမျိုး)အတွက် ဖြစ်ပါစေသတည်း။ သွားလေသူ မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း၊ ထိုကုသိုလ်ကို ၀မ်းမြောက်စွာ သာဓုခေါ်ပါ၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါ အမျှဝေပါ၏ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင် ကြားသိလျှင် သာဓုခေါ်လျှင် အစားအသောက်၊ အ၀တ်အထည်၊ သောက်သုံးရေတို့ကို နတ်သမီး၊ နတ်သားများကဲ့သို့ ရနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်၊ မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြပေ။ သို့ရာတွင် ထိုကုသိုလ်တို့ကို အလွန်ဝေးသော ရှေးရှေးဘ၀က ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် ရခွင့်ရှိပါသည်။
    ဆွေမျိုးများကို ရည်မှန်း၍ လှူဒါန်းအမျှဝေကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျှက် သီလရှိသူအား လှူဒါန်း၍ အမျှဝေပေးမှသာလျှင် အကျိုးများပါသည်။ ဘုရားရှင်လက်ထက်တော်တွင် အဇာတသတ်မင်းတွေ့ရှိသော ပြိတ္တာသည် သမီးဖြစ်သူက ရည်မှန်း၍ ကုသိုလ်ပြု အမျှဝေသော်လည်း သီလမရှိသူအား လှူဒါန်းသောကြောင့် “ဒုသီလကြီး စားသွားသည်၊ မိမိမရပါ၊ သီလရှိသူအား လှူဒါန်းပေးပါ”ဟု ပြောကြားသဖြင့် အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းပြီး ရည်ညွှန်းအမျှဝေပေးသည့် အခါမှ ရရှိပြီး လွန်စွာပြည့်စုံသည့် နတ်ဖြစ်သွားပါသည်။ ထို့ကြောင့် သီလရှိသူကို ရွေးချယ်လှူဒါန်းရန် လွန်စွာအရေးကြီးပါသည်။ သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရမည်ကို အားနာလျှင်လည်းကောင်း၊ “သံဃာ”အားရည်မှန်း၍ လှူဒါန်းပါသည်ဟု ရည်ရွယ်လှူဒါန်း အမျှဝေသင့်ပါသည်။ ရဟန်းတစ်ပါးပင်ဖြစ်သော်လည်း “သံဃာအားလှူပါ၏”ဟု သံဃာကို ရည်စူး၍ လှူလျှင် သံဃိကဒါန ဖြစ်နိုင်ပါသည်။
    ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဆွေမျိုးမိဘစသည်တို့ သေဆုံးသောအခါ အလှူဒါနစသော ကောင်းမှုကုသိုလ်များပြုလုပ်၍ အမျှဝေခြင်းကို မလွှဲမသွေ လုပ်ဆောင်ကြရမည်။ သားသမီးကျင့်ဝတ်ငါးပါးတွင် “လှူမျှဝေ၍”ဟူသော ၀တ္တရားတစ်ပါးပါရှိ၏။ လူတစ်ဦးတစ်ယောက်သေဆုံးလျှင် ထိုသူ၏ လားရာဂတိကို အတိအကျပြော၍ မရပေ။ မှန်းဆရုံသာ မှန်းဆနိုင်ပါသည်။ ချစ်ကြည်ညိုသောစိတ်ဖြင့် ပြိတ္တာဖြစ်နေသည်ဆိုသည်ကို လက်မခံချင်၊ လက်မခံနိုင်သော်လည်း၊ အကယ်၍ဖြစ်နေပါက ရည်မှန်းလှူဒါန်း၍ အမျှမဝေမိပါလျှင် ထိုသူတို့လွန်စွာ နစ်နာလေမည်။ သာသနာပိုင် ဆရာတော်ဘုန်းကြီးများ၊ ကျောင်းဒကာ ကျောင်းအမများ ကွယ်လွန်၍ တစ္ဆေဖြစ်သည့် သာဓကများရှိခဲ့သည်ကို သတိပြုကြရပါမည်။ သေဆုံးခါနီးစွဲလမ်းမှု ရှေးဘ၀မှ အကုသိုလ်များ၊ ငယ်ရွယ်စဉ်အခါက မသိမိုက်မဲမှုကြောင့် ပြုခဲ့သော အကုသိုလ်များလည်း ရှိခဲ့တတ်ကြသောကြောင့်ဖြစ်၏။
    ငရဲမှစ၍ အားလုံးသောဘုံတို့တွင် သက်ဆိုင်ရာ အစားအစာ အာဟာရများရှိကြ သုံးဆောင်နိုင်ကြ၏။ ပြိတ္တာတို့သည် လူတို့ကကောင်းမှုပြု၍ လှူဒါန်းအမျှဝေပေးမှသာလျှင် စားသုံးရကြပါသည်။ ပြိတ္တာတို့တွင် (အထူးသဖြင့် ဝေမာနိက ပြိတ္တာတို့တွင်) နတ်၏နား၊ နတ်၏မျက်စေ့၊ နတ်၏၀ိညာဉ်တို့ကဲ့သို့ကြားနိုင်၊ မြင်နိုင်၊ သိနိုင်ကြသည်ဖြစ်၍ ရည်စူးသော အလှူဒါနကုသိုလ်များကို သာဓု ခေါ်နိုင်ကြပါသည်။
    အကယ်၍ ပြိတ္တာဖြစ်သွားသူသည် အ၀တ်အထည်မရှိ၊ ရေတစ်ပေါက်၊ အစားတစ်လုပ်မျှ မစားရဘဲနေရလျှင် မိမိလှူဒါန်းအမျှဝေသည်ကို ရလိုက်ပါက စားရ သောက်ရ ၀တ်ရ ချမ်းသာရမည်ဖြစ်၍ လွန်စွာအကျိုးများပါမည်။ ထိုသေဆုံးသူ အမျှမရနိုင်သော ဘ၀တွင်ရောက်ရှိနေပါကလည်း ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများရနိုင်ပါသဖြင့်၊ ထိုပြိတ္တာများ၏ စည်းစိမ်ချမ်းသာကိုဖြစ်စေပါသည်။ ဘ၀သံသရာသည် ရှည်လျားလှသောကြောင့် မိမိ၌ဆွေမျိုးဟောင်း ပြိတ္တာများမရှိဟုမထင်ထားအပ်ပါ။ အမျှဝေသည်ကိုငံ့လင့်နေသော မိမိ၏ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများလည်းရှိနေနိုင်ပါသည်။
    ကျမ်းဂန်အရ ဗိမ္ဗိသာရမင်းကြီးတွင် ရှေးမှ ဆွေမျိုးပြိတ္တာပေါင်းများစွာရှိခဲ့၏။ မင်းကြီးအား လှူဒါန်းအမျှဝေရန် သတိပေးကြ၍ ထိုပြိတ္တာတို့အား ရည်ညွှန်း၍ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးစွာသောဒါနကိုပြု၏။ မင်းကြီးသည် အလှူရေစက်ကိုပေး၍ “ဤအလှူသည် ငါ၏ ဆွေမျိုးဟောင်းပြိတ္တာတို့အား ရစေသတည်း”ဟု ရည်ညွှန်းသည့်ခဏတွင် ပြိတ္တာတို့အား ကြာပန်းတို့ဖြင့်ကောင်းစွာ ဖုံးလွှမ်းသောရေကန်တို့ဖြစ်ပေါ်၍ ထိုပြိတ္တာတို့သည် ထိုရေကန်တို့၌ ရေချိုး၊ ရေသောက်ရ၏။ ၎င်းတို့ ပူလောင်ခြင်း၊ ပင်ပန်းခြင်း၊ မွတ်သိပ်ခြင်းတို့ ငြိမ်းကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ မင်းကြီးသည် ယာဂုစသော ခဲဘွယ်ဘောဇဉ်တို့ကို ပေးလှူသည့်ခဏ၌ နတ်၌ဖြစ်သော ယာဂုခဲဘွယ်ဘောဇဉ်တို့ဖြစ်ကုန်၏။ အ၀တ်ပုဆိုး၊ အိပ်ရာနေရာတို့ကိုပေးလှူ၍ ရည်ညွှန်းပြန်လျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အ၀တ်ပုဆိုးပြာသာဒ် အခင်းအရုံ၊ အိပ်ယာစသော တန်ဆာတို့ဖြစ်ကုန်၏။ ဘုရားရှင်သည် ထိုဖြစ်ပေါ်လာတိုင်းသော အခြင်းအရာကို မင်းကြီးမြင်အောင်ပြတော်မူ၍ မင်းကြီးသည် ထိုသည်တို့ကို မြင်ရသဖြင့် လွန်စွာဝမ်းမြောက်တော်မူ၏။
    အကယ်၍ မိမိလှူဒါန်းမျှဝေမှုသည် ဆွေမျိုးမတော်သော ပြိတ္တာများ ရရှိပါကလည်း ထိုသူများ၏ ချမ်းသာမှုကို ဖြစ်စေသောကြောင့် ဆင်းရဲငတ်မွတ် ဒုက္ခရောက်နေသူများအား ကယ်တင်ရာရောက်ပါသည်။
    အမျှဝေရာ၌ ကြားကြားသမျှ သတ္တ၀ါအားလုံးတို့အား အမျှပေးဝေပါသောကြောင့် တရားနာပရိတ်သတ်နှင့်တကွ ကြားသိ သာဓုခေါ်သောသူတိုင်း ပတ္တာနုမောဒနာကုသိုလ်ရကြပါသည်။ အကယ်၍ ကွယ်လွန်သူသည် နတ်ဖြစ်၍ ကြားနိုင်၊ သိနိုင်လျှင် ပတ္တာနုမောဒနာ ကုသိုလ်ကိုရပါမည်။ ထိုကုသိုလ်သည် ပြိတ္တာများကဲ့သို့ စည်းစိမ်ချမ်းသာ ချက်ချင်း မဖြစ်သော်လည်း ပထမဇောကုသိုလ်ကြောင့် ရရှိထားပြီးသော နတ်စည်းစိမ်ကို အထောက်အပံ့ဖြစ်စေပါမည်။ အခြားကုသိုလ်ဇောများကလည်း နောက်နောင်ဘ၀များအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါမည်။
    မည်သူ့ထံမျှ မရောက်ပါကလည်း အလှူရှင်များ၏ ကောင်းမှုကုသိုလ်သာ ဖြစ်သောကြောင့် အလှူရှင်များအဖို့ အကုသိုလ်များရှိမိ၍ နောက်နောင်၌ တိရစ္ဆာန်ဘ၀သို့ ရောက်ရလျှင်ပင် တိရစ္ဆာန်ဘ၀တွင် မွန်မြတ်သော အစားအသောက်၊ အသုံးအဆောင်တို့ကို ရနိုင်သည်။ လူ၊ နတ်ဖြစ်လျှင် ထူးသော လူနတ်စည်းစိမ်ချမ်းသာကို ခံစားရပါမည်ဖြစ်၍ ကွယ်လွန်သူတို့အား ရည်မှန်းလှူဒါန်းသော ကုသိုလ်သည် အကျိုးမဲ့ မဖြစ်ပါ။ ထိုအလှူကို လှူရန် အလွန်ပင်သင့်တော်သည်ဟု ဇာဏုေဿာဏိသုတ်၌ မြတ်စွာဘုရား မြွက်ကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ အကျိုး၊ ဆွေမျိုးတို့၏အကျိုး၊ အများအကျိုး၊ မိမိအကျိုးအတွက် လူတစ်ဦးတစ်ယောက်သေဆုံးလျှင် လှူဒါန်းအမျှဝေမှုကိုပြုလုပ် ဆောင်ရွက်ရပေမည်။ အခါအားလျော်စွာလည်း လှူဒါန်း အမျှဝေမှုကို ပြုလုပ်ဆောင်ရွက်ရပေမည်။ ကုသိုလ်အမှု ပြုတိုင်းလည်း ရည်မှန်းအမျှဝေကြရပေမည်။
နိဂုံး
    လူတစ်ဦးတစ်ယောက်သည် နေရမည့် အသက်၊ သေဆုံးရမည့်ရောဂါ၊ သေရမည့်အချိန်၊ အလောင်းခန္ဓာစွန့်ပစ်ရာနေရာ၊ လားရောက်ရမည့်ဂတိ၊ ဤငါးမျိုးကို ကြို၍ မသိနိုင်ကြပါဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ ကောင်းသောဂတိရောက်ရန်အတွက် မကျန်းမာခြင်းကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့်လည်းကောင်း၊ ဖြည်းဖြည်းသက်သာ သေရတော့မည့်သူများအားသာ တစ်ပါးသူတို့က အာရုံကောင်းထင်ရန် ၀ိုင်းဝန်းပြုပြင်ပေးနိုင်ကြပါသည်။ မိမိသည် ထိုအခွင့်အရေးရမည်ဟု မပြောနိုင်ပါ။ အကြောင်းအမျိုးမျိုးတို့ကြောင့် အချိန်အခါမရွေး၊ နေရာမရွေး၊ သေဆုံးနိုင်ပါသည်။ သေဆုံးပြီးနောက်လည်း မိမိတို့အတွက် ရည်စူးလှူဒါန်းမှုများကို မိမိတို့ရရှိရန် ဖြစ်နိုင်ခြေအလွန် နည်းပါးပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင် သေခြင်းကောင်းသောဘ၀၊ လားကောင်းသော ဂတိ တို့ကိုရရန် ဘ၀တစ်လျောက်လုံး ကောင်းအောင် ပြုပြင်ပျိုးထောင်ထားရမည်။ ထို့ကြောင့် မသေမီတွင်ပင် ဒါန၊ သီလ၊ ဘာဝနာစသော ကောင်းမှု ကုသိုလ်များ တတ်နိုင်သမျှ ဆည်းပူးထားခြင်း၊ စိတ်ကောင်းထား၍ အာရုံကောင်းရရန်အတွက် ဘုရားဂုဏ်တော် တစ်ပါးပါးကိုလည်းကောင်း၊ နမောတဿ စသည်ကိုလည်းကောင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်တို့ကိုလည်းကောင်း၊ မိမိနှစ်သက်ရာ တရားတော်တစ်ခုခုကို အမြဲတစေ အာရုံပြုမိရန် လေ့ကျင့်ထားရပါမည်။
    ဗုဒ္ဓ၏ တရားတော်အရ ကောင်းမြတ်သော ဘုံဘ၀နှင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းသည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်အတွက် ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ လမ်းသုံးသွယ် ရှိပါသည်။ ကံလမ်းသည် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ကုသိုလ်များဖြစ်သည်။ ဤကုသိုလ်ကံများသည် လူ့ပြည်နှင့် နတ်ပြည်(၆)ထပ်သို့ ရောက်ရန် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။ ဈာန်လမ်းသည် သမထဘာဝနာကို ဈာန်သမာဓိရသည်အထိ ပွားများအားထုတ်ခြင်းဖြစ်သည်။ ယင်းကုသိုလ်တို့သည် ဗြဟ္မာဘုံ (၂၀)သို့ ရောက်စေပါသည်။ ဤလမ်းနှစ်မျိုးလုံးသည် ကောင်းမှုအရှိန်ကုန်သောအခါ အပါယ်လေးပါးသို့ ပြန်၍ ကျရောက်နိုင်ပါသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပါ။ (၃၁)ဘုံတွင် အဖန်ဖန် အထပ်ထပ်ပြန်၍ ကျင်လည်ကြရပါသည်။ ဤကံလမ်းနှင့် ဈာန်လမ်းတို့သည် သာသနာပအခါတွင်လည်း ကျင့်ကြံနိုင်ကြသော အကျင့်ကောင်းများ ဖြစ်ပါသည်။
    ဉာဏ်လမ်းသည် ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်းဖြစ်သည်။ ၀ိပဿနာဉာဏ်စဉ် အဆင့်ဆင့် ရင့်ကျက်လာသောအခါ မိမိတို့၏ ပါရမီအားလျော်စွာ အပါယ်တံခါးပိတ်သည့် သောတာပန်အဖြစ်မှ ရဟန္တာအထိဖြစ်နိုင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည်။ သောတာပန်ဖြစ်ပါက အလွန်ဆုံး(၇)ဘ၀သာ သံသရာ၌ ကျင်လည်ရပါမည်။ ရဟန္တာဖြစ်ပါက လောကသံသရာမှ အပြီးတိုင် လွတ်မြောက်သွားပါမည်။ ဤ ၀ိပဿနာအကျင့်ကောင်း ဉာဏ်လမ်းသည် သာသနာထွန်းရာအရပ် သာသနာထွန်းရာ ကာလတွင်သာ ကျင့်ကြံနိုင်ကြပါသည်။
    ဤလမ်းသုံးသွယ်ကို ကျင့်ကြံနိုင်ရန် လူ့ဘ၀တွင်သာလျှင် အခွင့်အလမ်း များပြားပါသည်။ ဘ၀အမျိုးမျိုးတို့တွင် လူ့ဘ၀သည်သာ အကောင်းမွန်ဆုံး၊ ကုသိုလ်ကောင်းမှု အပြုနိုင်ဆုံး နေရာဖြစ်သည်။ နတ်ဘုံ၊ ငရဲဘုံနှင့် တိရစ္ဆာန်ဘုံတို့သည် ချမ်းသာစင်စစ်၊ ဆင်းရဲစင်စစ်နှင့် ဆင်းရဲများပြားသောကြောင့် ဒါန၊ သီလ ကုသိုလ်ကောင်းမှုတို့ ပြုခွင့်ကိုရရှိရန် မလွယ်ကူပေ။ သူတော်ကောင်း ပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံနိုင်ခွင့်လည်း နည်းပါးပါသည်။ လူ့ဘုံသည်၊ နတ်ဘုံကဲ့သို့ ချမ်းသာအတိ ခံစားရသည်လည်းမဟုတ်။ ငရဲဘုံကဲ့သို့လည်း ဆင်းရဲအတိ ခံစားရသည်လည်းမဟုတ်ပေ။ တိရစ္ဆာန်ဘုံကဲ့သို့လည်း ဆင်းရဲမှုများပြားလှသည် မဟုတ်ပေ။ ချမ်းသာမှုများပြားသော ဘုံဖြစ်သည်။ ချမ်းသာမှုကို မှီ၍ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နိုင်ကြပေသည်။ ဆင်းရဲ ဒုက္ခနှင့် မကင်းသောကြောင့် ထိုဆင်းရဲကိုမှီ၍ပင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ယုံကြည်မှု သဒ္ဓါတရားဖြစ်ပွားရသည်။ ထိုဆင်းရဲတို့ကပင် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် အထောက်အကူပြုပါသည်။
    ထို့ကြောင့် လူ့ဘုံလူ့လောကသည် နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိနိုင်သောနေရာဖြစ်သည်။ နတ်တို့၏ ချမ်းသာ စည်းစိမ်တန်ခိုးတေဇာတို့သည် များသောအားဖြင့် လူ့ပြည်လူ့လောကမှ ကုသိုလ်များပင်ဖြစ်သည်။ ထိုစည်းစိမ်တို့ကို နတ်ပြည်မှ ဖန်တီး၍မရပေ။ ရှိပြီးစည်းစိမ် တန်ခိုးမျှကိုပင် တိုးပွားသစ်လွင်လာရန် လုပ်ဆောင်ခြင်းငှာ မလွယ်ကူပေ။ လူ့ဘုံလူ့လောကသည်သာ နတ်ပြည်၊ ဗြဟ္မာပြည်၏ စည်းစိမ်ချမ်းသာကိုရစေသသော ကုသိုလ်များ၊ နေ့ညမရွေး လုပ်ဆောင်နိုင်၍ မိမိတို့၏ ကုသိုလ်အားလျော်စွာ နတ်ပြည်၊ ဗြဟ္မာပြည်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြပါသည်။ ယခုအချိန်သည် သာသနာတွင်းအခါဖြစ်၍ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရရှိနိုင်ရန် ၀ိပဿနာတရားများလည်း ပွားများအားထုတ်နိုင်ကြပါသည်။ ယခုတစ်ဘ၀၊ ဂတိကောင်းရန်အတွက်သာ မဟုတ်ဘဲ၊ တစ်သံသရာလုံး ဘ၀ကောင်းရန်အတွက်၊ သံသရာမှ လွတ်မြောက်ရန်တို့အတွက် ရည်မှန်း၍ မိမိအလိုရှိရာအတိုင်း ကုသိုလ်တရားများကို ပွားများအားထုတ်၍ “သေခြင်းကောင်းသောဘ၀၊ လားရာကောင်းသော ဂတိ”ကို ရရှိနိုင်ကြပါစေ။ စာရေးသူသည်လည်း သေခြင်းကောင်းသောဘ၀၊ လားရားကောင်းသော ဂတိ ကို ရနိုင်ပြီး သံသရာမှ အမြန်လွတ်မြောက်ရပါလို၏ဟု ဆန္ဒပြုကာ ဤစာအုပ်အား နိဂုံးချုပ်အပ်ပါသည်။
ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ)
အလုံးစုံသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်ပေသည်။
No comments :
Post a Comment
.
.
Related Posts Plugin for WordPress, Blogger...